ကိုလှကို


ကိုလှကို ဆုံးတော့ သူ့ရုပ်အလောင်းကို သွားကြည့်ဖြစ်လိုက်တယ်။ မသေခင်ကတည်းက ဘိန်းစွဲပြီး ပိန်နေရတဲ့ အထဲ သေတော့ ခန္တာကိုယ်မှာ ဘာ အသားမှာ မရှိတော့ဘူး။သွေးတွေကလည်း သေရင် ခမ်းခြောက်သွားတဲ့ သဘောရှိတယ် ထင်ပါရဲ့။ အသားအရေက အရောင်အဆင်း ဘာမှ မရှိပဲ ဖြူဖတ်ဖြူရော်။ မျက်နှာမှာ လည်း အသား မရှိတော့ သွားတွေက ငေါထွက်လာတယ်။ ဝါကျင့်ကျင့်အရောင်သန်းနေတဲ့ သွားတွေက မသေခင်တုန်းကတည်းက သူ့ရဲ့ နဂိုအရောင်လား၊ သေသွားမှာ ပြောင်းလဲပြီး ပိုဝါသွားသလား မသိဘူး။ ပါးစပ် ကလည်း ပိတ်လို့ မရတော့ဘူး ထင်ပါရဲ့။ သူ့ရဲ့ ခပ်ဝဲ၀ဲ ခပ်ရှည်ရှည် နားရွက်ဖုံးတဲ့ ဆံပင်တွေကတော့ နဖူးပေါ်မှာ ဝဲကျနေတုန်း။ ရီဝေေ၀နဲ့ ဆွေးမြေ့နေတတ်တဲ့ သူမျက်လုံးတွေက တော့ အစဉ် ထာဝရပိတ်သွားပြီပေါ့။ သူသေတော့ အသက်က ဘာရှိအုန်းမှာတုန်း။ အလွန်ဆုံးရှိလှ ၃၀ ကျော်ရုံလေးပေါ့။ သူ့ ခြေမနှစ်ခုကတော့ မြန်မာလူမျိုးတွေ ထုံစံအတိုင်း ပူးပြီး ကြိုးနဲ့ ချည်ထားလေရဲ့။

တကယ်တော့ ကိုလှကိုက သာမန် လူတစ်ယောက်ပါ။ ပိုပြီးတိကျအောင်ပြောရရင်တော့ နံပါတ်ဖိုးစွဲနေတဲ့ သာမန်မြန်မာ လူမျိုးတစ်ယောက်ပါ။ ကျောက်ဆည် ကုန်းရွာက ဆင်သက်လာတဲ့ အဆက်အနွယ်တွေဆိုတော့ အသားကခပ်ညိုညို၊ မန္တလေးမှာကြီး မန္တလေးမှာနေလာတော့ ဆံပင် က ခပ်ရှည်ရှည် အမြဲတမ်း ဂုတ်ထောက်နေလေ့ရှိတယ်။ လူပုံက ခပ်ချောချော အဝတ်အစားကို စတိုင်ကျကျ အမြဲဝတ်လေ့ရှိတော့ အလွန်တရာ ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်ပါ။ ပြောလို့ ပြောတာ မဟုတ်ဘူး သူလို့ ကြည့်ကောင်းတဲ့ လူငယ်တွေက မန္တလေးမှာ အလွန်တရာမှ ပေါမှပေါ။ ကိုလှကိုဟာ ဂျင်းဘောင်းဘီကို ရှပ်အင်္ကျ ီ်လက်ရှည်တွေနဲ့ စမတ်ကျအောင် ဝတ်တတ်လေ့တယ်။ ဆောင်းတွင်းဆိုရင်တော့ သူ့ကိုယ်ပေါ်မှာ ကုတ်င်္ကျီ် ကို အမြဲတမ်း တွေ့ရလေ့ရှိတယ်။ အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက် လောကကြီးထဲက စေားစေားစီးစီး ထွက်သွားတော့ စိတ်မကောင်းစရာပါ။ အမှန်တကယ်တော့လည်း သူလိုမျိုး ဆေးဝါးသုံးစွဲ၊ နံပါတ်ဖိုးစွဲနေတဲ့ လူငယ်တွေက တဖြည်းဖြည်းနဲ့ များလာသလို့ သေဆုံးသွားတဲ့ အရေအတွက်ကလည်း များလားကြပြီ။ ဒါတောင် ကိုယ်သိတဲ့ မန္တလေးက ပတ်ဝန်ကျင် သေးသေးလေးပဲရှိသေးတယ်။ အခြားမြို့တွေ၊ နယ်စပ်တွေမှာဆိုရင် နံပါတ်ဖိုးကြောင့် ပျက်ဆီးဆုံးရှုံးသွားကြရတဲ့ လူတွေက တပုံတပင်ကြီးပေါ့။

ညီအစ်ကို သုံးယောက်ရှိတဲ့ အထဲမှာ ကိုလှကို က အငယ်ဆုံး။ ညီအငယ်ဆုံးဆိုတော့ ကျန်တဲ့ အစ်ကိုနှစ်ယောက် က သူ့တို့ ပညာ အမွေတွေ ပေးခဲ့ ကြတာပေါ့။ အစ်ကိုကြီး လုပ်တဲ့ ကိုအေးကိုကတော့ ဆိုးလွန်းလို့ ဆိုပြီး သူတို့ အဖေ ဘုရားလူကြီးက ထောင်ထဲ ထည့်ထားလေရဲ့။ အဲဒီအစ်ကိုကြီးရဲ့ ဘ၀ တစ်ဝက်ကျော်ကျော်က ထောင်ထဲမှာပဲ အဆုံးသတ်သွားတယ်။ အစ်ကို အလတ်လုပ်တဲ့ ကိုဘိုးနီကလည်း မိန်းမ နဲ့ ကလေးနှစ်ယောက်ကို လောကကြီးထဲမှာ ထားခဲ့လေရဲ့။ သူသေတော့ နံပါတ်ဖိုးထိုးတဲ့ ဆေးထိုးပိုက်က လက်မှာ တန်းလန်း။ အဲဒီ သားအမိလည်း လောကကြီးထဲမှာ မျက်နှာငယ်စွာနဲ့ပဲ ရုန်းရင်း ကန်းရင်း တစ်နယ်ခြားကို ပြောင်းသွားရရှာပြီ။ပြောချင်တာက အဲဒီ ဆေးသမား ညီအစ်ကို သုံးယောက်ထဲက ညီအငယ်ဆုံး ကိုလှကိုပါ။ တကယ်တော့ မြန်မာပြည်မှာ မထူးဆန်းလှတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ် လူငယ်တွေ နံပါတ်ဖိုးစွဲတယ်၊ ပြီးတော့ သေသွားတယ်၊ ပြီးတော့ မေ့မေ့ပျောက်ပျောက်ပေါ့။ တွေ့မြင်ဖန်များလာ၊ ဆင်တူရိုးမှား သတင်းတွေ ကြားရဖန်များလာ တော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားတွေ အနေ နဲ့လည်း ရိုးနေပြီ။ ဒါမျိုး သတင်းက မထူးဆန်းလှပေဖူးပေါ့။

တကယ်တော့ ဒါဟာ အလွန်တရာ ထူးဆန်းတာ။ ဘယ်နှယ့် ကမ္ဘာမှာ နိုင်ငံတွေ အများကြီးရှိနေတဲ့ အထဲမှာ မြန်မာပြည်မှာက နံပါတ်ဖိုး၊ ဆေးဝါးတွေက ဝယ်လို့လွယ်၊ ကုန်ကူးလို့ လွယ်၊ နံပါတ်ဖိုးကုန်ကူးပြီး တချက်ကောင်းကြံ ချမ်းသာသွားကြတဲ့ လူတွေက အများကြီး။ ပိုက်ဆံ ငွေကြေးဆိုတာ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ပမာဏ။ သိန်း ထောင်နဲ့ သောင်းနဲ့ချီပြီး ချမ်းသာကြတယ်။ သူတို့တွေက တိုင်းပြည်မှာ ဆိုင်ရာ ပိုင်ရာတွေနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာကြတယ်။ ဆိုင်ရာ ပိုင်ရာတွေကလည်း ရတဲ့ ဝန်ထမ်းလခတွေထက် မဖြစ်နိုင်စရာ ငွေကြေးတွေကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီငွေကြေးတွေရဲ့ နောက်ကွယ်မှာ က အမှောင်ကမ္ဘာ အတိ၊ သူ့တို့နေတဲ့ တိုက်အမြင့်ကြီးတွေက လူငယ်တွေရဲ့ အရိုးတွေ၊ အရည်တွေနဲ့ တည်ဆောက်ထားကြီပြီး၊ သူတို့စီးနေတဲ့ မော်တော်ကားတွေက လူငယ်တွေရဲ့ ရုပ်ကြွင်းပြာမှုန်တွေ ခင်းထားတဲ့ လမ်းမပေါ်တွေမှာ မောင်းနှင် နေကြလေရဲ့။ လူတွေ မသေခင် အဓိပ္မာယ်ရှိတဲ့ အလုပ်ကို လုပ်ကြစမ်းပါ။ လူတစ်ယောက်ကို ကောင်းအောင် လုပ်နိုင်တဲ့အတိုင်းအတာရှိတဲ့လူက လူတစ်ယောက်ကို ကောင်းအောင်လုပ်၊ လူပေါင်းမြောက်မြားစွာကို ကောင်းအောင်လုပ်နိုင်စွမ်းရှိတဲ့လူက မသေခင်လေးမှာ လူပေါင်းမြောက်မြားစွာကို ကောင်းအောင်လေး လုပ်ပေါ့။

ကျွနု်ပ်အတွေ့အကြုံအရ လူငယ်တွေ ဆေးဝါးသုံးစွဲကြသည်ဆိုတာ တကယ်တော့ စည်းစနစ်ကျတဲ့ အသိပညာနည်းပါးမှု၊ အလုပ် လုပ်ကိုင်နိုင်သည့် အရွယ်တွင် အလုပ်အကိုင် မရှိခြင်း၊ အတွေးအခေါ် အယူအဆ ထွက်ပေါက်များ ပိတ်နေခြင်း၊ ဆေးဝါးများ အလွယ်တကူ ဝယ်ယူ၍ ရရှိနေခြင်း၊ ဥပဒေသည် ငွေမျက်နှာလိုက်၍ စီးပွားရေးသမားများအား မျက်နှာသာပေးထားခြင်း စသည့် အကြောင်းအရာများကြောင့်ဖြစ်ပါသည်။ ကိုလှကိုသည် ကျွန်ုပ်နှင့် အတူသွားသည့် အခါများတွင် ၈၄-လမ်း ရုံးတော်ကြီးမှ ကွမ်းယာဆိုင် ကြီးတွင် ဖင်ဆီဒိုင်ကို ဝယ်၍ တစ်ပုလင်းလုံးသောက်လေ့ရှိသည်။ တခါတရံ ဝင်းလိုက်ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင် ကွမ်းယာဆိုင်မှ ဝယ်သောက်လေ့ရှိသည်။ နောက်ပိုင်း ဖင်ဆီဒိုင်းများ ဝယ်လို့မရတော့သည့် အခါတွင် ဆေးပြားများ သောက်ကြလေ့ရှိသည်။ ဆေးပြားများကို တက်ပလက်လို့ ခေါ်ကြသလို့ အင်္ကျ ီကြယ်သီးအရွယ်လေးများသာ ရှိသောကြောင့် ကြယ်သီးဟုလည်း ခေါ်ကြသည်။ တစ်ချို့ သူငယ်ချင်းများသည် ဆေးခြောက်ရှုကြသည်။ ဆေးလိပ်ထဲတွင် ထဲ့၍ရှုရှိုက်လိုက်ပါက အလွန်တရာ ပေါ့ရွတ်၍ ဆေးရှုသမားများ၏ အကြိုက်ပါ။ ဆေးခြောက်ကို မုန့်ဟုခေါ်သည့်အကြောင်း၊ မုန့်စားဟုပြောသည့် အကြောင်းကို ကျွန်ုပ်၏ ညောင်ပင်ဈေးမှ လေဘေးလောက အကြောင်းတွင် ပြောပြခဲ့ဖူးပါသည်။ ကျွန်ုပ် ဆေးရှုရှိုက်ခြင်းကို ကျွန်ုပ် အမေရိကရောက်မှ လုပ်ဘူးပါသည်။ ဆေးဝါးဟု ဆိုရာထက် မှိုခြောက်တစ်မျိုးကို စမ်းသပ်ကြည့်ခြင်းပါ။ ထိုစဉ်က ကျွနု်ပ်၏ အသိပညာသည် အကောင်းအဆိုးကို ဝေဖန်ပိုင်ခြားနိုင်ခြင်းရှိသည်က တစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း ရှိသည်က တစ်ကြောင်း စမ်းသပ်ခဲ့ပါသည်။ သို့ရာတွင် မူးရစ်ဆေးဝါးဟု ဆိုလျှင် လူငယ်များ မည်သည့်အရာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လုံး၀ မစမ်းသပ်သင့်သော အရာပါ။ ကျွနု်ပ်၏ ကိုလှကို သေဆုံးသွားစဉ်က သူ့၏ ရုပ်အလောင်းကို တွေ့စေချင်စမ်းပါဘိ။

ထိုကဲ့သို့ ဆေးခြောက်၊ ဆေးပြားများမှ တဆင့်တက်လျှင် ရာမ ကိုလုပ်ကြပါသည်။ ရာမ ဆိုသည်မှာ ဗုဒ္ဓဘာသာ ရာမ၊ လက္ခဏဇာတ်တော်များထဲမှ လေးတင်သည့် ရာမမင်းသားကို အစွဲပြုလျက် နံပါတ်ဖိုး ဆိုသည့် လေးကို ရာမဟုခေါ်လိုက်ခြင်းဖြစ်ပါသည်။ ဆေးထိုးခြင်း၊ ဆေးရှုခြင်းများ ကို တင် သည်ဟုခေါ်ပါသည်။ ရာမမင်းသားသည် ဒဿဂီရိနှင့်ပြိုင်၍ လေးတင်သလို့ သူငယ်ချင်းများလည်း လေး တင်ကြပါသည်။ ဆေးသမားဖြစ်ကြသည့် အတွက် သူတို့တွင် ဆေးလိပ်၊ မီးခြစ်သည် အမြဲတမ်း အသင့် ဆောင်ထားလေ့ရှိသည်။ ဆေး အမှုန့်ကို စားပွဲ သို့မဟုတ် စက္ကူပေါ်တွင် တင်ကာ ခပ်နွေးနွေးလေးဖြစ်သွားစေရန် မီးခြစ်မှ မီးနှင့် ခဏ အပူဟပ်လိုက်ရပါသည်။ ထို့နောက်မှာ စက္ကူ သို့မဟုတ် ပိုက်ဆံကို လိပ်ကာ နားခေါင်းထဲသို့ ရှုသွင်းကြပါသည်။ ထိုသို့ ရှုသွင်းပြီးသည်နောက်တွင် ဆေးအရှိန်တက်က ညိမ်သက်စွာ နှင့် အိပ်ယာထဲတွင် ခွေတော့ပါသည်။ ထိုရှုရှိုက်ခြင်းမှ အားမရ၍ နောက်ဆုံးအဆင့်တက်လျင် ဆေးအမှုန့်ကို အရည်ဖျော်ကာ လက်မောင်း သို့မဟုတ် ခြေထောက် အကြောမှ တဆင့် သွေးထဲ့သို့ ထိုးသွင်းကြပါသည်။ ထိုမှ တဆင့် ထပ်တက်လျှင် သင်းချိုင်း သို့သာ သွားဖို့ကျန်ပါတော့သည်။

ဆေးဝါးသုံးစွဲကြသူများ၏ စိတ်ခွန်အားသည် အလွန်တရာမှ အားနည်းကြပါသည်။ သူတို့၏ စိတ်အာရုံသည် ဆေးဝါသုံးစွဲပြီးလျှင် ထပ်မံ၍သာ ဆေးဝါးသုံးစွဲရန်သာ အားသန်ကြသည်။ လူငယ်လူရွယ် များသည် အလုပ်အကိုင် မရှိသေးသောအခါ စိတ်အာရုံသည် လွင့်ချင်တိုင်းလွင့်လေ့ရှိတတ်ကာ မှားသည့်အရာများတွင် တွယ်ငြိမိပါက လမ်းမှားများသို့ ရောက်သွားကြရသည်။ လူငယ်ဘဝတွင် သင့်တော်သော အားကစား လေ့လာလိုက်စားခြင်းသည်လည်း စိတ်ခွန်အားကို လန်းဆန်းစေကာ ခန္ဓာကိုယ် တည်ဆောက်ရေးအတွက်လည်း များစွာအကျိုးပြုပါသည်။ လုပ်ငန်းခွင်တစ်ခုသို့ ဝင်ရောက် လုပ်ကိုင် လိုက်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေကာ တာဝန်ယူတတ်သည့် စိတ်နေစိတ်ထားများလည်း ရှိလာပါမည်။

ကိုလှကို၏ အသုဘသည် သူ၏ အစ်ကိုများ မရှိ၊ သူ့အမေသည် သူမသေခင် ၅-နှစ်ခန့်က ဆုံးသွားနှင့်ကာ၊ သူ့၏ ညားကစ ဇနီးသည်က တရှုပ်ရှုပ်နှင့်သာ ငိုကြွေးလျက်ရှိသည်။ သြော် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေလည်း သွားရှာပကေား။ ဆေးဝါး၏သားကောင်၊ စနစ်တစ်ခု၏သားကောင် သူ၏ အသက်ဝိညာဉ်မဲ့နေသည့် ခန္တာကိုယ်သည် အားငယ်နေသယောင်။ အစွမ်းခွန်အားများ၊ အတွယ်အတာများ၊ ခံစားချက်များပိုင်ဆိုင်သည့် လူတစ်ယောက်သည် အသက်ဝိညာဉ်များ စွန့်ခွာသွားသောအခါ သူသည် အားနည်းနေသယောင်။

အနန္တမေတ္တာဖြင့်
ဘကောင်း

No comments:

Post a Comment