ဒီမိုကရေစီ နှင့် လူ့အဖွဲ့အစည်း


အမှန်တကယ်တော့ လက်ရှိအမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ အကြောင်းရေးမလို့ပဲ။ သို့ပေမယ့် စာက ပျိုးရင်း ပျိုးရင်းနဲ့ ရွေးကောက်ပွဲအကြောင်းကို နောက်ဆုံးမှာ စတိလေးလောက်ပဲ ထည့်လိုက်တော့တယ်။ နောက်ပြီး အခုအချိန်မှာလည်း နယ်နှစ်နယ်ပဲ ပြီးသေးတာဆိုတော့ အနာဂတ်အဖြေက ရင်ခုန်စရာပေါ့။

++++++++++++++++++++++++++++++++++++++++++++++++++
ခေတ်ဦးကာလမှ စတင်၍ လူ့ဘောင် အဖွဲ့အစည်း တစ်ခု စတင် ဖြစ်ပေါ်လာသည်နှင့် လူအမျိုးမျိုးအထွေထွေ၏ အခြေခံလိုအပ်ချက်၊ ခံစားချက်များ၊ ရှု့မြင်တွေးခေါ်ပုံ အယူအဆ အမျိုးမျိုး၊ ကွဲပြားခြားနားကြလေသည်။ ရှေးခေတ်က လူအဖွဲ့အစည်းတွင် ဆန်စားချင်သော လူရှိမည်။ ဂျုံစားချင်သော လူလည်းရှိမည်။ အမဲလိုက်သည့်အခါ ရသည့် ဝေစုထက် ပိုလိုချင်သူရှိမည်။ အများနည်းတူ အမဲ မလိုက်ပဲ အချောင် ဝေစုလိုချင်သူလည်းရှိမည်။

ဤသည်ကား လူရယ်လို့ ဖြစ်လာချိန်ကစ၍ တည်ရှိနေသော အတ္တပင်ဖြစ်ချေသည်။ ယနေ့ လူဘောင်းအဖွဲ့အစည်းတွင်လည်း အလားတူ ဆန္ဒ အတ္တများဖြင့် လူများရှိနေကြသည်မှာ မလွဲပင်။ ထိုအခါ ထိုကဲ့သို့သော လူအမျိုးမျိုးတို့၏ အမြင်အယူဝါဒကွဲပြားခြားနားချက်များ၊ လိုအင်များအား ဟန်ချက်ညီညီ ဖြည့်ဆည်းကာ တည်တံခိုင်မြဲ သမာသမတ်ကျသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်တည်ဖို့အတွက် လူအများစုက သဘောတူတင်မြှောက်ထားသော ခေါင်းဆောင်၊ လူအများစုက ညီတူမျှတူချမှတ်ရေးဆွဲသော စည်းမျဉ်းဥပဒေ အခြေခံမူများဖြင့် တည်ဆောက်ကြရပါသည်။

သို့တည်းမဟုတ် တစ်ဦးတစ်ယောက်ခြင်းစီတို့၏ ဖြစ်ချင်သည့် ဆန္ဒအထွေထွေ လိုအင်များအား တစ်ယောက်တစ်မျိုးပြောနေ၊ လုပ်နေပါက ဤလူအဖွဲ့အစည်းသည် လည်း ပေါ်ပေါက်လာစရာအကြောင်းမရှိ။ လူတိုင်း မိမိတို့ ထင်သလို ထင်ရာစိုင်းကာ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘဝလုံခြုံမှုတို့သည်လည်း ဖြစ်ပေါ်မလာနိုင်တော့ပေ။

လူတိုင်းတွင် ဖြစ်ချင်သည့် လိုအင်ဆန္ဒပေါင်းမြောက်မြားစွာအနက်မှာ အခြေခံ အကျဆုံးသော လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်များကို ဆွဲထုပ်ရလိမ့်မည်။ ၎င်းကို အခြေခံလူ့အခွင့်အရေးဟု (Basic Human Right) လည်း ခေါ်ဆိုကြသည်။

လူတစ်ယောက်သည် လူ့အဖွဲ့အစည်းတစ်ခု၏ အောက်တွင် မွေးဖွားကြီးပြင်းလာပါက သူသည် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ဝတ်စားဆင်ယင်ရေး၊ ကျန်းမာစွာ အသက်ရှင်နေထိုင်ရေး တို့ရှိကာ ထိုအခြေခံလိုအပ်ချက်များ ပြည့်စုံစွာ ဖြင့် နေထိုင် အသက်ရှင်မှ ထိုလူ့အဖွဲ့အစည်းသည် ကောင်းမွန်သော၊ အသက်ရှင်နေထိုင်သင့်သော အဖွဲ့အစည်း တစ်ခုဖြစ်ပေလိမ့်မည်။

လူရယ်လို့ ဖြစ်လာသည့် အခါတွင် လူသည် နေထိုင်စရာ အမိုးအကာတို့ဖြင့် လုံခြုံသော နားခိုစရာ အိမ်ရှိရမည်။ ကိုယ်ခန္ဓာအသက်ရှင် ရပ်တည်နေရေးအတွက် အဟာရပြည့်ဝသည့် အစားအစာများ ဖြည့်တင်းနိုင်စွမ်းသော အခွင့်အလမ်းများလည်း ရှိရမည်။ လူ့အဖွဲ့အစည်းတွင် နေထိုင်ရသည့်အားလျော်စွာ ကိုယ့်ကျင့်တရားကောင်းမွန်သော လူတစ်ယောက်ဖြစ်လာစေရန် ကောင်းသည် ဆိုးသည်ကို ဝေဖန်ပိုင်းခြားနိုင်ရန်သော ပညာသင်ကြားရေး၊ ဘာသာရေးက သင်ကြားပြသမှုတို့ကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် အစရှိသည်ဖြင့် ယဉ်ကျေးသိမ်မွေ့သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန် အခွင့်အရေးများလည်း ရှိရမည်။

လူသည် ဦးနှောက် အသိညဏ်၊ ခံစားချက် နှလုံးသားနှင့် ပေါင်းစပ်ထားသော သတ္တဝါတစ်မျိုးဖြစ်သည်။ နေရာဒေသ ရာသီဥတု ကွဲပြားခြားနားသွားကြ၍သာ အသားအရောင် ရုပ်ဆင်းအင်္ဂါများ လူမျိုးများ အသွင်ဖြင့်ကွဲပြားခြားနားသွားကြရသည်သာ။ မည်သည့်လူမျိုးက ကောင်းသည် သာသည်၊ မည်သည့်လူများက နိမ့်ပါးသည်ဟူ၍ မရှိပါ။ လူသည် လူပဲဖြစ်သည်။ လူတိုင်းသည် အားလုံးအတူတူဖြစ်သည်။

ဤတွင် မေးစရာတစ်ခုရှိပါသည်။ ကောင်းပြီ လူဆိုသည်မှာ အားလုံး တူညီကြသည်ဟု ဆိုလျှင် ဘာအတွက်ကြောင့် အနောက်တိုင်းမှ လူများ၊ ဒီမိုကရေစီ တိုင်းပြည်များမှ လူများသည် အခြားလူများကို ကြီးစိုးနေကြရသနည်း။ တနည်းအားဖြင့် ထိုနိုင်ငံမှ လူများ အားလုံးနည်းပါးမျှသည် ကောင်းပေ့ဆိုသည် သဘာ၀ အရင်းအမြစ်များကို သုံးစွဲကြရပြီး ဒီမိုကရေမဲ့သော တိုင်းပြည်များတွင် ဆင်းရဲမွဲတေ ငတ်သူကငတ်၊ ချမ်းသာကြွယ်ဝကြသူများက ကျိကျိတက် ချမ်းသာကြရကာ ဘာကြောင့်လူတန်းစား အလွန်အမင်း ကွာခြားနေကြရသနည်း။

ရှင်းပါသည်။ လူတိုင်းတွင် ကိုယ်ပိုင် အစွမ်းအစများ၊ ခွန်အားများ၊ ယုံကြည်ချက် ရည်မှန်းချက်များ ရှိကြသည်။ ထိုကဲ့သို့ တစ်ဦးတစ်ယောက်ခြင်းစီ၏ ကိုယ်စွမ်းကိုယ်စများကို အတိုင်းအဆမရှိ လွတ်လပ်စွာ ဖေါ်ဆောင်ပေးနိုင်စွမ်းရှိသော လူအဖွဲ့အစည်းသည် တိုးတက်ပြောင်းလဲသွားမည်သာ။ ထိုကဲ့သို့ ကိုယ်ပိုင် လွတ်လပ်ခွင့်များ ရှိခြင်း၊ ကိုယ်ပိုင် လုပ်ပိုင်နိုင်ခွင့်ရှိခြင်းသည် ဒီမိုကနေစီစနစ်၏ အခြေခံ အကြောင်းတရားပင်ဖြစ်ချေသည်။

ထိုကဲ့သို့ ဒီမိုကရေစီ စနစ်ကို အခြေခံထားခြင်းဖြင့် လူတိုင်းသည် မိမိတို့၏ လူ့အဖွဲ့အစည်းကို ဦဆောင်မည့် ခေါင်းဆောင်ကောင်းကို ထက်မြက်သော အသိပညာ ညဏ်ဖြင့် ဝေဖန်သုံးသတ်ကာ မည်သူကဖြင့် မည်သည့်တာဝန်ယူကာ ဦးဆောင်ဦးရွက်ပြုလုပ်သင့်သည်ဟု အများသဘောတူညီချက်ဖြင့် ခေါင်းဆောင်ကောင်းကို ရွေးချယ်တင်မြှောက်ကြရသည်။

ခေါင်းဆောင်ကောင်းဆိုသည်မှာလည်း လူအများ၏ ယုံကြည်ကိုးစာမှုကို ခံယူလျက် မိမိဦးဆောင်မှုအောက်တွင် မှီတင်းနေထိုင်နေကြသော လူများ၊ မိမိ ဦးဆောင်နေရသော လူအဖွဲ့အစည်းကို တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်ရပါသည်။ တနည်းအားဖြင့် ခေါင်းဆောင်တာဝန်ကို ကြေပွန်အောင် ဆောင်ရွက်ပေးရသည်ပေါ့။

တိုင်းပြည် ခေါင်းဆောင်တစ်ယောက် အနေဖြင့် အထက်တွင် ဖေါ်ပြထားသည့် အခြေခံ လူ့အခွင့်အရေးများကို ပထမဦးစွာ ပြည့်စုံကြွယ်ဝအောင် လုပ်ဆောင်ရပါမည်။ လူအဖွဲ့အစည်း သို့မဟုတ် တိုင်းပြည် တစ်ပြည်တွင် အခြေခံ လူ့အခွင့်အရေးများ မရှိပဲ ဆင်းရဲမွဲတေကာ ချွတ်ခြုံကျနေသော လူတစ်ယောက်၊ မိသားစု တစ်စု ကျန်ရှိနေသေးသမျှ ခေါင်းဆောင်တစ်ယောက်သည် ခေါင်းဆောင်နိုင်စွမ်းသော အရည်အချင်းမရှိကြောင်းကို ပြသနေသည်။

လူအများကို သမာသမတ်ကျစွာ ဦးဆောင်ဦးရွက်ပြုနိုင်သော အရည်အချင်း ရှိသူကို မှ ခေါင်းဆောင်ဟု ခေါ်ကြသည်။ ဆင်းရဲနေသော လူတစ်ယောက် သို့မဟုတ် စားစရာမရှိသော မိသားစု တစ်စုကို ကြည့်ကာ ငါနှင့် မဆိုင်ဘူး၊ ငါ့အုပ်ချုပ်တာ နိုင်ငံ ယန္တာရားကြီး တစ်ခု လည်ပတ်အောင် အုပ်ချုပ်နေတာ၊ ချမ်းသာတဲ့ လူတန်းစားတွေ ရှိတာပဲ။ ဆင်းရဲကြတယ်ဆိုတာ ထိုသူတွေ မကြိုးစားလို့၊ ဘဝပေး ကုသိုလ်ကံ မကောင်းလို့ဟု ဆင်ခြေပေးသူသည် ခေါင်းဆောင်မှု နည်းပညာမတတ်၊ ခေါင်းဆောင်နိုင်စွမ်း မရှိသူပေတည်း။

ခေါင်ဆောင်နိုင်စွမ်းရှိသူသည် သူ၏ ခေါင်းဆောင်မှုနည်းပရိယာယ်၊ စီမံခန့်ခွဲအုပ်ချုပ်မှု နည်းဗျုဟာများ သုံးလျက် အလုပ်မလုပ် ပျင်းရိသူများကို အလုပ်ကြိုးစား၍ ကြီးပွားချမ်းသာလာအောင်၊ အကျင့်စာရိတ္တပျက်ပြား၍ စရိုက်ဆိုးသွမ်းများကို လိမ္မာယဉ်ကျေး သိမ်မွေ့လာအောင်၊ ထောက်ပံ့ပေးခြင်း နည်းလမ်းကောင်းများ ချမှတ် ခန့်ခွဲ့ခြင်းဖြင့် တိုင်းပြည် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲပေးရသည်။

အကယ်၍ ထိုကဲ့သို့ လုပ်နိုင်စွမ်းသော အရည် အချင်း မရှိလျှင် အရည် အချင်းရှိသူကို လူများက ရှာဖွေကာ ရွေးချယ်တင်မြောက်ရပေလိမ့်မည်။ တကယ်တော့လည်း အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းတို့သည် ဦးဆောင်ဦးရွက်ပြုကာ အလိုလို ပေါ်ထွက်လာကြစမြဲပင်။ ထိုကဲသို့သောခေါင်းဆောင်တို့အား ရှာဖွေ စရာကိုပင် မလိုချေ။

မိမိ စိတ်တိုင်းကျ ဆုံးဖြတ်၊ ကိုယ်ပိုင် အတွေးအခေါ် ခေါင်းသေးသေးလေး တစ်ခုတည်းဖြင့် ခေါင်းဆောင်တက်လုပ်နေပါက အမှားများကို ကျူးလွန်နေပေလိမ့်မည်။ ထိုကဲ့သို့ ခေါင်းဆောင်နောက်ကို လိုက်ရသူများမှာလည်း လမ်းမှားသို့ ရောက်မှာ မလွဲပင်။

ယနေ့သည် မနေ့ကနှင့် မတူချေ။ ပြောင်းလဲနေသော လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ လူနေမှု စနစ်တို့နှင့် လျော်ကန်သင့်မြတ်သော စီမံခန့်ခွဲ အုပ်ချုပ်ပုံ အပြောင်းအလဲများ ကို လူတိုင်း အလိုရှိကြသည်မှာ မလွဲပင်။
++++++++++++++++++++++++++++++++++++++++++++++++++
ယနေ့ အမေရိကန် နိုင်ငံသည် အမေရိကန်ယဉ်ကျေးမှုနှင့် လျော်ညီသော ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက်ရှိသည်။ ဒီမိုကနေစီ စနစ်ဖြစ်သည့် အားလျော်စွာ လူတိုင်းလူတိုင်းသည် ခေါင်းဆောင်ကို မိမိစိတ်တိုင်းကျ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်များ ရှိကြလေသည်။ ဤသည်မှာ သမာသမတ်ကျသည်။ ခေါင်ဆောင်ကို ရွေးချယ်သည်မှာ အများသဘောတူညီချက်ဖြင့် ရွေးချယ်မှ သမာသမတ်ကျသော ရွေးချယ်မှုဖြစ်ပေလိမ့်မည်။ အရည်အချင်းပြည့်ဝကာ စစ်မှန်သော ခေါင်းဆောင်ကိုလည်း ရွေးထုတ်နိုင်ပေသည်။

အမေရိကန်နိုင်ငံအတွက် သိသိသာသာ နိုင်ငံရေး အပြောင်းအလဲများ လုပ်ဆောင်ဖို့ လိုအပ်နေသည်။ လက်ရှိသမတ ဂျော့ဘွတ်ရှိ၏ မအောင်မြင်သော နိုင်ငံရေးလုပ်ဆောင်ချက်များက အမေရိကန်နိုင်ငံအား အကြီးအကျယ် နာမည်ပျက်စေခဲ့ကာ ဒီမိုကရက်များ၏ ဝေဖန် တိုက်ခိုက်မှုများ၊ နာမည်မကြီးသော အီရတ်စစ်ဆင်ရေးတွင်လည်း စစ်အသုံးစရိတ်များက လက်ညိုးထိုး ထောက်ပြစရာ ဖြစ်ခဲ့ပါသည်။ ယခုအခါတွင် အမေရိကန်ပြည်သူ ပြည်သားတို့အတွက် ပြုပြင်ပြောင်းလဲမှုကို ဆုံးဖြတ်နိုင်စွမ်းသော အခွင့်အလမ်းကို ရရှိနေပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရသည် ဤတွင် အဆုံး အဖြတ်ပေးပါတော့သည်။

အမေရိကန်နိုင်ငံသားတို့အတွက် အလွန်တော်သော ခေါင်းဆောင်များ ပေါ်ထွက်လာလေပြီ။ ထူးခြားသည်မှာ လူတိုင်းလူတိုင်းသည် လွတ်လပ်စွာ စိတ်တိုင်းကျ မိမိတို့ ယုံကြည် အားထားရာ ခေါင်ဆောင်ကို ကိုယ်တိုင် ရွေးချယ်တင်မြောက်နေခြင်းဖြစ်သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

2 comments:

Anonymous said...

တီဗီမှာ ကျနော်လည်း ကြည့်လိုက်ရပါတယ်။ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုဆိုတာ သွားရည်.ိုမိပါရဲ့

သင်ကာ

သစ္စာ | သ​စ်စာ said...

http://www.peoplemediavoice.net/ မှာ ပြန်လည်တင်ဆက်ခွင့်ပြုပါ။ အကြောင်းပြန်ကြားချက်ကိုမျှော်နေပါ့မယ်

Post a Comment