သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၃)


အဖေ အလုပ်မသွားသော စနေ၊ တနင်္ဂနွေနေ့မျိုးတွင် ခိုတောင်မုန့်တီကို ထမင်းနှင့် နယ်ကာ နေ့လည်စာ အဖြစ်စားကြသည်။ နေ့လည်ခင်းတွင် ခိုတောင်သည်တို့ လာကြသည်။ အဖေ အကြိုက်ဆုံးက ဦတာရဲဈေးထဲတွင် စခန်းချသော ဒေါ်ရွှေကြီး၏ ခိုတောင်မုန့်တီဖြစ်သည်။ “သူ့ ခိုတောင်မုန့်တီက ငံပြာရည် အခရာကွ” ဟု အဖေ မကြာခဏ ချီးမွမ်းခန်း ဖွင့်သည်။ အဘွားက အစပ်မစားနိုင်သောကြောင့် ဆီနီ မထည့်။ ဆီဝါနှင့်သာ သုပ်သော ခိုတောင်မုန့်တီ နှစ်ကျပ်ဖိုးကို အဖေအပါအဝင် တစ်မိသားစုလုံး စားနိုင်ရန် ဇလုံထဲတွင် ထမင်းနှင့်ရောနှယ်ကာ ခွဲဝေစားကြရသည်မှာ ကြည်နူးစရာပင်။ မှတ်မှတ်ရရ ထိုစဉ်က ဇလုံဝါသည် ဆိုရှယ်လစ်ခေတ် သမဝါယမက ထုတ်ပေးသော ပြည်တွင်းဖြစ် ဇလုံဖြစ်သည်။ အပေါ်ယံဆေးသားများ ကွာသည့် အခါ အောက်က သံများ ပေါ်နေတတ်သည်။

ခိုတောင်ရွာမှ မန္တလေး မြို့ပေါ်သို့ တက်ကာ ရောင်းကြသော မုန့်တီကို ခိုတောင်မုန့်တီဟု ခေါ်ကြသည်။ အသားမပါ။ ပဲမုန့်၊ ဆီနီ၊ ဆီဝါ၊ ကြက်သွန်ကျော်၊ ငံပြာရည်၊ အချိုမှုန့်၊ မှုန့်ကြွပ်ကျော်လေးဖြင့်သာ သုပ်သော မုန့်တီသည်များကို နေ့လည် နေ့ခင်းအချိန် မကျည်းပင်အောက်၊ ကုက္ကိုလ်ပင်အောက် စသည့် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများ အောက်တွင် တွေ့ရတတ်သည်။ ပိန်းရိုး၊ ကြာစွယ်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုရည်ကို မြေအိုးထဲတွင်ထည့်ကာ အမြဲပူနွေးနေစေရန် အဝတ်ဖြင့် လုံအောင်ပတ်လျက် သူရို့၏ ခေါင်းရွက်ဗန်းထဲတွင် အတူတပါတည်း ယူလာကြသည်။

ကျွန်တော်တို့ ရပ်ကွက်၏ နေ့လည် နေ့ခင်း အချိန်တွင် စားစရာသည်များ စုံလင်လှသည်။ ဈေးသည်တို့၏ အော်ဟစ်ရောင်းချသံများကို သူ့အချိန်နှင့်သူ ကြားရတတ်သည်။ စားချင်သည့်အစားအစာ အာသီသပေါ်လာပါက သူ့အချိန်နှင့်သူ စောင့်နေပါလျှင် ဗန်းရွက်ဈေးသည်များ၊ တွန်းလှည်းနှင့် ဈေးသည်များ အား ဖမ်းမိနိုင်ပါသည်။

“သာကူယို၊ နွားနို့ ထမင်း”ဟူသော အသံသည် ၁၂-နာရီခွဲနှင့် နာပြန်တစ်ချက်တီး အကြားတွင် ပေါ်လာတတ်သည်။ ထိုဈေးသည် မိန်းမသည် “သာ” ဆိုသည့် အသံကို ခပ်အစ်အစ် အသံဖြင့် အော်ကာ “ယို” နှင့် “မင်း” ဆိုသည့် အသံကို တော်တော်ကြီး ဆွဲပြီး အော်လေ့ရှိသည်။ ထို့ ကြောင့် ဤအသံနှင့် ဆိုလျှင် သည်မိန်းမ၊ အခြားအသံနှင့် ဆိုလျှင် အခြား မိန်းမဟု အိမ်ထဲမှနေ၍ အလွယ်တကူ ခွဲခြားလို့ ရသည်။

နေ့လည် နှစ်ချက်တီးချိန်တွင် ရေခဲချောင်းသည်လူကြီးတစ်ဦး စက်ဘီးနောက်တွင် ရေခဲပုံးတင်ကာ ခေါင်းလောင်းသံ တင်..တင်..တင်..မြည်စေလျက် အိမ်ရှေ့လမ်းမကြီးမှ ဖြတ်သွားသည်။ ခေါင်းလောင်းသံ၊ ရေခဲချောင်းတင်သည့် စက်ဘီး၊ အမြဲနေလောင်ထားသည့် မွဲပြာရောင် အသားရေ၊ ခန္ဓာကိုယ် ပိန်ပိန် ပါးပါးနှင့် အနားများ ဖွာနေသော မြက်ဦးထုပ်ကို ဆောင်းထားတတ်သည့် ထိုရေခဲချောင်းသည် ဦးလေးကြီးသည် အမြဲဒွန်တွဲနေတတ်သော ပုံရိပ်များဖြစ်သည်။သူသည် သူ့ရေခဲချောင်းကို အော်ဟစ် ရောင်းချခြင်းမရှိ။ သူ့ခေါင်းလောင်းသံ လွင်လွင်ကလေးကသာ သူ့ကို ကိုယ်စားပြုထားသည်။

ထိုရေခဲချောင်းသည်ကြီးနှင့် မရှေးမနှောင်းတွင် ပြောင်ဖူးပြုတ်သည် အဖိုးကြီးတစ်ဦး ပေါ်လာသည်။ သူ၏ အသံကို ခုနစ်အိမ်ကျော်၊ ရှစ်အိမ်နီးပါးဆီမှ စတင်ကြားရတတ်သည်။
“ရှမ်းပြောင်းဆို စီးစီးလေး…ငချိတ်” ဟု နားခေါင်းသံကို တမင် လုပ်ယူကာ မြင့်မားသော အသံနှုန်းဖြင့် တစ်မိနစ်ခြား တစ်ခါအော်လေသည်။”ရှမ်းပြောင်းဆို စီးစီးလေး…”ဆိုသည့် စကားစုကို တဆက်တည်း တောက်လျှောက်အော်လျက် “ငချိတ်” ကို ပြုတ်ကျသွားကာ တုံးတိဖြတ်ချလိုက်သော ပုံစံဖြင့် အဆုံးသပ်သည်။ သူသည် သုံးဘီးတပ် လက်တွန်းလှည်းကလေးဖြင့် ပြောင်းဖူးပြုတ်ရောင်သည်။ သူ့မျက်နှာသည် အငြိမ့်ထဲမှ လူပျက်တစ်ယောက်လို မကြာခင် ဟာသပျက်လုံးများ လုပ်တော့မည် မယောင်။ သူသည် အမြဲတမ်း ပြုံးနေလေ့ရှိသည့် မျက်နှာကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်သည်။

“မှောင်..မှောင်..မှောင်” ဆိုသည့်မောင်းသံလေးနှင့် အတူ သီးစုံ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းကလေးများလည်း ထိုအချိန်မျိုးတွင် ပေါ် လာတတ်သည်။ဂွေးသီး၊ သရက်သီး၊ ဇီးဖြူသီး၊ မက်မန်းသီး၊စောင်းလျှားသီး၊ စသည့် အသီးတို့ကို သဂျက်ဆီ(သကြားအဆီ သို့မဟုတ် ဆေးသကြား) ဖြင့်နယ်ထားသည်။ ပလတ်စတစ်အိတ် သေးသေးလေးတွင် ထည့်ကာ ငပိကြော် ငရုတ်သီးမှုန့်ကြော်တို့ဖြင့် အပေါ်မှ ဖြူးကာ စားကြရသည်။ ထိုစဉ်က ချဉ်ပေါင်းတစ်ထုပ်ကို တစ်မတ်။ အချဉ်ပေါင်းသည်များသည် လူငယ်ယောင်္ကျားများသာ ဖြစ်ကြသည်။

မန္တလေး၏ နေ့လည်ခင်း အချိန်သည် တစ်ဆယ်နှစ်ရာသီပတ်လုံး ပူပြင်းနေတတ်သည်။ နွေရာသီတွင်ကာ အထူးပြောစရာ မရှိပြီ။ အိမ်ရှေ့ လမ်းတဖက်မှ ကုက္ကိုလ်ပင်ကြီးသည် လမ်းမကြီးကို မိုးကာ အရိပ်ပေးထားသည်။ ဖြတ်သန်းသွားလာသူတို့ ကုက္ကိုလ်ပင်ရိပ်အောက်တွင် နားခို အမောဖြေကြရသည်။ ခရီးဝေး လျှောက်လမ်းသည့် ဈေးသည်တို့ ခရီးတစ်ထောက်နားခိုရာလည်း ဖြစ်သည်။ ခိုတောင်မုန့်တီသည်တို့လည်း နားခိုတတ်သည်။

ထိုကုက္ကိုလ်ပင်ကြီးကို အမှီပြုကာ အသက်မွေးဝမ်းကြောင်းပြုကြသူများ အထဲတွင် ရပ်ကွက်တကာလှည့်ကာ သစ်ပင်ကြီးများမှ ချိတ်များကို ခွာယူသူများလည်း ပါဝင်ကြသည်။ ကုက္ကိုလ်ပင်ကြီးသည် သက်တန်းကြီးရင့်လာသည်နှင့် အမျှ ချိတ်များ စွဲလာသည်။ ချိတ်များကို ပြန်လည် ရောင်းစားပါက ပိုက်ဆံရသည်။ ထိုသည်အတွက် သူရို့သည် ကုက္ကိုလ်ပင်မှ ချိတ်စွဲနေသည့် သစ်ကိုင်း သစ်ခက်များကို မကြာခဏဆိုသလို ချိုးချယူကြသည်။ ပိုးစွဲသလို စွဲနေသော အနီရင့်ရောင်စေးပျစ်ပျစ် ချိတ်အဖတ်များကို ခွာယူကြသည်။ ထိုချိတ်ခွာသမားများ ကုက္ကိုလ်ပင်ကြီးပေါ်တက် အလုပ်များရှုပ်ကြသည့် အခါများတွင် ဥသြငှက်တို့ ဝေးရာသို့ ရှောင်ပြေးကြရသည်။ ထိုကဲ့သို့ နေ့ခင်းမျိုးတွင် ဥသြတို့၏ ဆွတ်ပျံဖွယ် တွန်းကျုးသံကို မကြားရတော့ပြီ။ သစ်ခက် ချိုးသံ တဖြောင်းဖြောင်း အသံများသာ ကြားရသည်။ ချိတ်ခွာသမားများ ပြန်တော့ ကုက္ကိုလ်ပင်၏ အေးမြသောအရိပ်များ ပြောက်ကွယ်ပြီး ပိုမို ပူပြင်းသော နေရောင်နှင့် ကိုင်းခက် အကျိုးအပြတ်များသာ အပင်ခြေရင်းတွင် ကျန်ရစ်ခဲ့သည်။

ထိုပူပြင်းသော မန္တလေး၏ နေရောင်ကို အံတုလျက် ဝမ်းစာအတွက် တိတ်ဆိတ်စွာ သွားလာနေသော လူတစ်ဦး ရှိနေပါသေးသည်။ သူသည် မြင့်မြတ်သော ဗြဟ္မာမျိုးနွယ်ဝင် ပုဏ္ဏားတစ်ဦးလည်းဖြစ်သည်။ သူသည် သန့်ရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် လက်ကိုင်ရိုးအကောက် ထီးမဲကို လက်မောင်းတွင် ချိတ်ကာ ရပ်ကွက်တကာ လှည့်လည် ဗေဒင်ဟောလေ့ရှိသည်။ သူစီးထားသော ရာဘာဖိနပ်တို့သည် လမ်းလျှောက်ရဖန် များသောကြောင့် ပါးလျှပ်နေသည့်တိုင်အောင် သူ့အတွက် အသုံးတည့်နေတုန်းပင်။ သူ့အတွက် စနေနံ ဖိနပ်အသစ် ဘယ်တော့များမှ ဝင်ပါမည်နည်းဟု သူကိုယ်တိုင် တွက်ဆမိပါရဲ့လား လို့ တွေးမိခဲ့တယ်။ အဘွားကတော့ ထိုဗေဒင်ဆရာ ပုဏ္ဏားနှင့် ဗေဒင်ပညာ အကြောင်း ဆွေးနွေးလေ့ ရှိတယ်။ ကျွန်တော်က အဘွားနှင့် ကပ်လျက် မဟာဘုတ်တိုင် ထူးနည်းကို လေ့လာသည်။

ထို့နောက် “အုန်းပေါင်း ငှက်ပျော်သီးကြော်” နှင့် “ခေါ်ပဲပေါင်း အကြော်” ဆိုသည့် အသံတို့သည် နေ့လည် သုံးနာရီ ထိုးမှ ပေါ်လာတတ်သည်။ ခေါ်ပဲပေါင်းဆိုသည်မှာ ကောက်ညင်းကို ပဲစဉ်းငုံနှင့် ပေါင်းထားသည်ကို ခေါ်သည်။ ပဲနှင့်ရောကာ ပေါင်းသည့်အတွက် ကောက်ညင်းသည် ပဲ၏အညိုရောင် သမ်းသွားသည်။ ခေါ်ပဲပေါင်းအပေါ် ဆီဆမ်း၊နှမ်းဖြူကာ အကြော်နှင့် စားကြရသည်။ အများအားဖြင့် ဘရာကြော်(မတ်ပဲကြော်)၊ ကုလားဘရာကြော်၊ ပဲစဥကြော်၊ မြင်းခွာရွက်ကြော်တို့ ဖြစ်သည်။ တချို့ ဈေးသည်တို့က ငါးအရေခွံကြော်တို့ပါ တွဲရောင်းတတ်သည်။ ကောက်ညင်းပေါင်းကို အုန်းသီးဖြူးကာ ဖီးကြမ်းငှက်ပျော်သီးကြော်နှင့်လည်း စားတတ်ကြသည်။ ထိုကဲ့သို့ နေ့လည်အစာပြေ စားတတ်ကြသည်မှာ ကျွန်တော်တို့ မန္တလေးရပ်ကွက်၏ ဓလေ့ ထုံးစံဖြစ်သည်။

နေ့လည်နေ့ခင်း နေမင်း ၏ အပူပြင်းဆုံး အချိန်တို့တွင် ကျွန်တော်တို့ ရပ်ကွက်သည် ခပ်ငြိမ်ငြိမ် ခပ်ဆိတ်ဆိတ် သာ ရှိသည်။ အိမ်ရှေ့က လမ်းမကြီးသည်လည်း ပူပြင်းသော နေရောင်အောက်တွင် ပျင်းရိစွာ လှဲလျောင်းနေလေ့ရှိသည်။ အရာရာသည် လေးလံ ဖင့်တွဲလျက် ရှိသည်ဟူ ထင်ရသည်။ ရံဖန် ရံခါ ကြိုကြား ကြိုကြား ပေါ်လာတတ်သော ပလပ်စတစ်ကောက်သည့် ကောင်းလေးများကြောင့် ခွေဟောင်သံများ ကြားရသည်။ ထိုအခါ အိပ်မောကျနေသော ကျွန်တော်တို့ ရပ်ကွက်ကို လန့်နိူးလိုက်သလို တခဏတာမျှ အင်း.အဲ.နှင့် လှုပ်ရှားသွားသည်။ ဟိုအိမ် ဒီအိမ်မှ ခေါင်းထောင်ကြည့်ကြသည်။ ထို့နောက် ပြန်လည် အိပ်မောကျသွားသကဲ့သို့ တိတ်ဆိတ်သွားတတ်ပြန်သည်။

တဖြည်းဖြည်းနှင့် ညနေ နေစောင်းလို့ အပူရှိန် သက်သာစ လေးနာရီ ခန့်တွင် အိမ်တွင်းမှ သက်ကြီးပိုင်းများ ဟိုမှ ဒီမှ အပြင်ထွက်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်လျက် ညနေခင်း၏ အေးမြသည့် ရှု့ခင်းကို ခံစားကြသည်။ကျောင်းဖွင့် ချိန် ဆိုလျှင် သည်အချိန်မျိုးသည် ကျောင်းဆင်းချိန် ဖြစ်သည့် အားလျော်စွာ လမ်းမပေါ်တွင် အထက်တန်း ကျောင်းသူ ကျောင်းသားများ၊ မူလတန်း ကျောင်းသားလေးများ ဥဒဟို ပျားပန်းခတ်မျှ လှုပ်ရှား သွားလာကြသည်။ နေမင်းသည်လည်း အနောက်ဖက် ယွန်းယွန်းဆီသို့ အိကာ ကျနေတတ်သည်။ နေ့ခင်းက ခြောက်ခြောက်သွေ့သွေ့ နှင့် အိပ်မောကျခဲ့သည့်လမ်းမသည်လည်း ဆူဆူညံညံအသံများဖြင့် ပြန်လည် နိုးထလာသည်။

ထို့နောက် မုန့်လုံးကြီး ဆီစိမ်သည် သည် အိမ်ရှေ့လမ်းမပေါ်မှ ဖြတ်သွားတော့သည်။ ထိုဗန်းရွက်ဈေးသည်သည် တစ်ခေါ်ခန့် အကွာမှနေ ၍ “မုန့်လုံးကြီး ဆီစိမ်” ဟု အသံ ခပ်မှန်မှန်နှင့် တစ်ခါသာ အော်သည်။ ထိုတစ်ခါတည်းအော်သည့် အသံ မကြားလိုက်ပါက ထိုနေ့အဖို့ မုန်းလုံးကြီး ဆီစိမ်ဝယ်စားဖို့ မဖြစ်နိုင်တော့။ ကျွန်တော် ငယ်ငယ်က မုန်းလုံးကြီး ဆီစိမ် စားချင်သည့် အခါတွင် ဈေးသည်မိန်းမကို လေးနာရီနှင့် ငါးနာရီ အကြားတွင် လည်ပင်း ရှည်ထွက်အောင် မျှော်ရသည်။ သို့ပေသည့် အဘွားက ဝယ်မကျွေးနိုင်သည်က များသည်။ ကောက်ညင်းပြား ပျော့ပျော့လေးကို ဆီစိမ်ထားကာ အုန်းသီကြော် ကြွပ်ကြွပ်လေး နှင့် သကြား ဖြူးထားသော မုန့်လုံးကြီး ဆီစိမ်ကို ထိုစဉ်က တစ်ခု ငန်းမူ(ငါးမူး) ပေးရသည်။

ညနေ နေဝင်ရီသရောအချိန်တွင် လေပုတ်ထုတ်ဆေးရောင်းသည့် အဖိုးကြီးနှင့် အဘွားကြီး လင်မယား အထမ်းကိုယ်စီနှင့် ရောက်လာသည်။ သူရို့သည် ကိုယ်ပိုင် ဗမာ့နည်း ဗမာ့ဟန်ဖြင့် ဖော်စပ်ထားသော အစာကြေလျက်ဆား၊ လောက်စာလုံးခန့် လေပုတ်ထုတ်ဆေးလုံး တို့ကို သတင်းစာ စက္ကူဖြင့် ထုပ်ကာ တစ်ထုပ်ကို တစ်မတ်ဖြင့် ရောင်းကြသည်။ ထိုစဉ်က စားလို့ရတာမှန်သမျှသည် ကျွန်တော့်အတွက် သရေစာပင်။

ထိုအချိန်တွင် ကုက္ကိုလ်ပင်အောက်မှ အကြော်ဆိုင်သည် ခင်ကျင်းပြင်ဆင်ပြီးကာ မီးဖိုက မီးခိုများ ပင် စတင် အူတက်လာပြီ။ ကျွန်တော်တို့ ရပ်ကွက်၏ ထုံစံအတိုင်း ဘရာကြော်(မတ်ပဲကြော်)၊ ကုလား ဗရာကြော်တို့သည် အဓိက အကြော်များ ဖြစ်ကြသည်။ ပြီးမှ တို့ဖူးကြော်၊ ငါးကလေးကြော်၊ ဘူးးသီးကြော်၊ မြင်းခွာရွက်ကြော် တို့ကို ကြားဖြတ် အလျင်းသင့်သလို တစ်ဒယ်စီခန့် ကြော်သည်။

ကျွန်တော်တို့ ညစာသည် အများအားဖြင့် အိမ်ရှေ့ အကြော်ဆိုင်မှ ဘူးသီးကြော်၊ ဘရာကြော်တို့ကို ဟင်းလုပ်စားကြသည်။ အိမ်ကို ဧည့်သည်လာလျင် ဘူးသီးကြော် ဝယ်ကြွေးကြသည်။ ငှက်ပျောသီး၊ သရက်သီးတို့နှင့် ထမင်းစားတတ်သော အဖေသည် တခါတရံ ငှက်ပျောသီးဖြင့် ညစာထမင်းစားသည်။ အဖေ အလုပ်ပြန်ချိန်သည် မိုးစုန်းစုန်းချုပ်လို့ မှောင်မှ အိမ်ပြန်ရောက်တတ်သည်။ ဝါတွင်းဆိုလျှင် ဓမ္မာရုံဆီမှ အော်လံ အသံစမ်းသံများ စတင် ကြားရတတ်သည်။ အိတ်တန်းတက်ရန် ငှက်တသိုက်တို့လည်း ကုက္ကိုလ်ပင်ကြီးဆီသို့ ကွန်းခိုလာကာ မအိပ်ခင် ငှက်သဘင်ကျင်းပနေကြသည့် အလား ဆူညံပွက်လောရိုက်လျက် ရှိသည်။ အဘွားသည် ပုတီးကို စိတ်လျက် အဖေ ပြန်လာချိန်ကို မျှော်ရရှာသည်။ အဘွားဆီမှ ပရိတ်ကြီး ဆယ်တစ်သုတ် တီးတိုးရွတ်ဆိုသံသည် အဖေအိမ်ပြန်ရောက်မှ ပိုမို တည်ငြိမ် ပီပြင်သွားလေ့ရှိသည်။ ထို့နောက်တွင် ကျွန်တော့်အတွက် ပုံပြင် နားထောင်ဖို့ အချိန်ရောက်လေသည်။

အဘွားပုံပြင် ပြောပြချိန်တွင် လရောင်သည် ရွန်းလဲ့နေတတ်သည်။ တခါတရံ ကြယ်ရောင်များ ပြိုးပြိုး ပြက်ပြက် လင်းလက်လျက် အဆုံးအစမဲ့ ကောင်ကင်ပြင်ကြီးကို ပြတင်းပေါက်မှ ငေးမောကြည့်ရင်း စာကျက်ဖို့ကို သတိမေ့နေတတ်သည်။ အတန်းကြီးလာတော့ စာကျက်ချိန်တွေလည်း ပိုလာတတ်သည်။ ညလေပြေလာတော့ ဇီးကွက်တို့ အသံစပေးလေသည်။ အိမ်နောက်ဖက် ခြံဆီမှ ညမွှေးပန်းရနံ့သည် လေအသုတ်တွင် ပါလာတတ်သည်။ ထိုညလေကြောင့်ပင် ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံတို့သည် ဝေးလာလိုက် နီးသွားလိုက် ရှိတတ်၏။ တခါတရံ အိမ်နောက်ဖေးမှ ကြွက်စုတ်တို့ ရန်ဖြစ်သံများ ကြားရတတ်သည်။ အိမ်ရှေ့လမ်းမပေါ်တွင် အိမ်အပြန် မြင်းလှည်းများမှ မြင်းခွာသံ လေးလေးပင်ပင်များလည်း ရှိသည်။ နှစ်အိမ်ကျော်မှ ဆယ်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် စာအကျယ်ကြီး ကျက်လျက်လည်းရှိတတ်သည်။

ညဉ့်နက်လာသည်နှင့် အမျှ ရပ်ကွက်ဓမ္မာရုံမှ ဓမ္မစင်္ကြာ ရွတ်ဖတ်သံသည် တိတ်ဆိတ်သွားခဲ့ပြီ။ညသည် တစ်စစနှင့် ပင်ပန်းနွမ်းနယ်လာကာ ဆိတ်ငြိမ်ခြင်းသို့ ဝတ်ဆင်း တွားသွားနေတော့သည်။ တစ်ဖြည်းဖြည်းနှင့် ပကတိ ငြိမ်သက်ခြင်းသို့ ရောက်လာသည်။ ရပ်ကွက်တစ်ခုလုံးသည် တိတ်ဆိတ်ခြင်း မက တိတ်ဆိတ်သွားသည်။ ကျွန်တော် စာကျက်ပြီးလို့ အိပ်ရာ ဝင်ခါနီးတော့ “ထာပနာထုပ် ပြန်ပေါင်းထုပ် ပူချိုမွှေး” ဆိုသည့် ဈေးသည် ကောင်းလေး၏ အသံကို တိတ်ဆိတ်ညထဲမှာ အဝေးကပင် သဲ့သဲ့ကြားရသည်။ အလွန်တိတ်ဆိတ်နေသော ည သန်းခေါင် ရောက်လု ရောက်ချိန် ကျွန်တော်တို့ အိမ်ရှေ့ရောက်သည် အခါ သူ့ အသံက စူးရှစွာ ထွက်ပေါ်တတ်သည်။ သူ့အသံအရ သူသည် လူကြီးသံ မပေါက်သေးသည်ကို သိသာသည်။ ကျွန်တော့်စိတ်ထဲတွင် သူ့အသံသည် တောင်းပန်းခယ ငိုးကြွေးသံတို့ ရောယှက်နေတတ်သည်ဟု ထင်သည်။ ဝမ်းစာအတွက် ပူနွေးသော ထာပနာထုပ်များကို ပုဆိုးထုပ်ထဲတွင်ထည့်ကာ ကျော်ပေါ်ထမ်းလျက် တစ်ညလုံး လှည့်လည် ရောင်းနေရမည်လား မသိ။ ကျောက်ဆစ်မီးသတ်က ထိုအချိန်ဆိုလျှင် တစ်ဆယ်နှစ်နာရီ သံချောင်း ခေါက်သည်။ မာရှယ်လောများ ထုတ်သည့် ခေတ်တွင် သူ့ကို သတိရမိသေးသည်။

ကျွန်တော်တို့ အိမ်ရှေ့ကလမ်းမကြီးအပေါ် ဘဝပေါင်း စုံလင်စွာ ဖြတ်သန်းသွားခဲ့ကြသည်။ နောင်တွင်လည်း ထိုကဲ့သို့ ဘဝတွေ နင်းလျှောက်သွားကြလိမ့်အုံးမည်။ ထိုလမ်းမ၏ ဘေးတစ်ဖက်တွင် အဖေသည် ယနေ့ အချိန်ထိ မနက်ခင်း၏ နွေးထွေးသည့် နေရောင်အောက်၌ နေ့စဉ် ဆွမ်းလောင်းနေမြဲပင်။ အမေကတော့ ဆွမ်းဟင်းများ ချက်ပြုတ်ကာ သားဖြစ်သူ နေကောင်းကျန်းမာစေရန် ဆုတောင်းပေးလျက်ရှိသည်။ လွမ်းတတ်သော အမေသည် ငိုရှိုက်သံနှင့် သားကို လွမ်းနေရကြောင်း အမြဲပြောရှာသည်။ ကျွန်တော်ကိုယ်တိုင်လည်း တဖန်ပြန်ပြီး အိမ်ရှေ့က လမ်းမကြီးအပေါ် လှုပ်ရှားနေသော ရင်ခုန်သံ စည်းချက်များနှင့်အတူ ခြေလှမ်းများ လှမ်းလျက် ကျွန်တော့် အမေ့အိမ်ကို ပြန်ချင်လှသည်။ ကျွန်တော့်ကို အမေ ပြုံး ၍ ကြိုဆိုနေမှာ အမှန်ပင်။ ထို့ပြင် အရင်ကလို တံခါးတိုင်များ နောက်ကွယ်တွင် တိတ်တဆိတ် ရပ်ကာ အိမ်ရှေ့မှ ဖြတ်သန်းသွားသမျှ လူတို့အကြောင်းကို ဘာသာပြန်ကြည့်ချင်သည်။ ကျွန်တော် ချစ်မြတ်နိုးသော၊ မြော်လင့်တကြီး စောင့်စားကာ ဝယ်စားရလေ့ရှိသော မုန့်သည်၊ ခေါင်းရွက်သည်များကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ကာ စကားတွေပြော၊ မုန့်တွေ ဝယ်စားချင်လှပါပြီ။ ပြီးဆုံးသွားခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ နိဗ္မာန်ဘုံကို ပြန်လည် အသက်သွင်းပါရစေလား။

အနန္တမေတ္တာဖြင့်
ဘကောင်း

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၂)


ကျွန်တော်တို့အိမ်သည် လမ်းမနှင့် ဦးတိုက်လျက်ရှိသည်။ ထို့ပြင် ရပ်ကွက်ဓမ္မာရုံကလည်း ကျွန်တော့်တို့ အိမ်နှင့် မျက်နှာချင်ဆိုင်တည့်တည့် လမ်း၏ အစတွင်ရှိသည်။ ထိုဓမ္မာရုံမှ လမ်းမအတိုင်း အရှေ့သို့ ဆက်တက်သွားလျှင် ပြည်ကျော်ဈေး(ယခင် ဦးတာရဲဈေး) သို့ ရောက်မည်။ ထိုမှ တဖန် စင်္ကြာသီဟဘုရား၊ ထိုမှ တဖန် ၈၄-လမ်း သို့ ရောက်မည်။ ဓမ္မာရုံမှအရှေ့သို့ မသွားပဲ အနောက်သို့ ဆင်းလာလျှင် ထိုလမ်းမသည် ကျွန်တော်တို့ အိမ်ကို ဦးတိုက်ပြီး အနောက်သို့ ကွေ့ဆင်းသွားသည်။ ထို့နောက် ကိုးလုံးတကာ ဘုရားသို့ ရောက်မည်။ ထိုမှတဆင့် တောင်ဘက်သွားလျှင် စိန်ပန်း၊ အနောက်ဘက် ဆက်သွားလျှင် ချမ်းသာရ ထုံးကုန်းသို့ ရောက်မည်။ အမည် မရှိသော ထိုလမ်းမ၏ ထောင့်တွင် ကျွန်တော်တို့ အိမ်ရှိသည်။ လမ်းမ၏ အခြားတဖက် ထောင့်တွင် သက်တမ်းရင့်လှပြီး ဖြစ်သော ကုက္ကိုလ်ပင်ကြီးတစ်ပင်လည်း ရှိသည်။ ဝါတွင်းကာလအတွင်း ထိုဓမ္မာရုံမှ ညစဉ် ညစဉ် ဓမ္မစကြာတရားကို ရွတ်ဖတ်ကြသည့် အခါ အော်လံကြီးဖြင့် အရပ်ရှစ်မျက်နှာလုံး လူတွေ အိပ်ချိန်အထိ ဖွင့်လေ့ရှိသည်။ ကျွန်တော် ငယ်စဉ် ဘဝတစ်လျှောက်လုံး ကြားရဖန်များလာတော့ ထိုဓမ္မစကြာတရားကို အလိုလို မှတ်မိနေသည်။ ထိုပြင် ထိုရွတ်ဖတ်ကြသူတို့၏ သံနေသံထားအား နားယဉ်နေသည့် အားလျော်စွာ ထိုသူတိုသည့် တရားစာရွတ်ဖတ်ရာတွင် ထူးချွန်ပြောင်မြောက် ပီပြင်လှပေသည်ဟု ချီမွမ်းမိသည်။ သို့ရာတွင် လူရွယ်ဘဝရောက်သည်တွင် အိပ်ရေးပျက်သည့် အခါများ၌ ထိုအော်လံကြီးနှင့် ကြားရသည်ကို နှိတ်စက်လွန်းလှပေသည်ဟု မကျေမနပ်မေတ္တာများ ပို့ပေးလိုက်သေးသည်။

အမေနှင့် အဖေသည် ဘာသာရေးကိုင်းရှိုင်းကြသော မိရိုးဖလာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည်။ အိမ်၌ နေ့စဉ် မနက်တိုင်း အနည်းဆုံး သံဃာ သုံပါး ဆွမ်းခံကြွသည်။ အမေနှင့် အဖေတို့က ထိုင်ကိုယ်တော်ဟု ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ထို ထိုင်ကိုယ်တော်များ အပြင် အဖေသည် အိမ်ရှေ့ထွက်၍ ဆွမ်းတစ်ဇလုံခန့်ကိုလည်း ဖြတ်သွားဖြတ်လာ ကိုယ်တော်များအား ဆွမ်းထပ်မံလောင်းသောကြောင့် ဖြစ်သည်။ ထိုင်ကိုယ်တော်များသည် အများအားဖြင့် သက်တော် ဝါတော်ကြီး ဆရာတော်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ရက်ကောင်းရက်မြတ် အခါသမယများတွင် ထိုထိုင်ကိုယ်တော်များသာ ကျွန်တော်တို့ အိမ်သို့ တရားလာရောက်ဟောကြသည်။

ကျွန်တော်တို့ ရပ်ကွက်တွင် ရဟန်း သံဃာ ဘုန်းကြီး မရှားလှချေ။ အိမ်အနီးအနားတဝိုက်တွင် စကုတိုက်၊ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊ မကွေးတိုက် အစရှိသည့် ဘုန်းကြီးကျောင်းတိုက်များ စုစုစည်းစည်း တည်ရှိကြသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်း ပညာရေးများလည်း ရှိခဲ့သည်။ ကျွန်တော်ဆိုလျှင် ငယ်စဉ်အခါ ပြေးလွှား ဆော့ကစားတတ်သည့် အရွယ်၌ ဧကျောင်း ဘုန်းကြီးကျောင်းတွင်နေရသည်။ မှတ်မှတ်ရရ ဆွမ်းကျန်များစားရသည်တွင် ထမင်းသိုးများ ရော၍ပါလာခဲ့သေးသည်။ ထို ဧကျောင်းတွင် အတော်အသင့် နေပြီး ချမ်းသာရ ထုံးကုန်း အမေဘက်မှ အဘိုးနေသည့် ရပ်ကွက်ထဲမှ စိန်တောင်ကျောင်းသို့ ရောက်သွားသည်။ စိန်တောင်တွင်မှ အစိုးရ အတန်းပညာကို စတင် သင်ကြားရသည်။ နောင်တွင်မှ အမေက စိန်တောင်ကျောင်းမှ ထုတ်ကာ သတ်သတ်မှတ်မှတ် အမှတ် (၁၃) အစိုးရမူလတန်းကျောင်းသို့ ပြောင်းပေးခဲ့သည်။

ကျွန်တော် ငယ်စဉ်က အိမ်တံခါး သစ်သားတိုင်များ အကြားမှ အိမ်ရှေ့လမ်းမ အပေါ် ဖြတ်သွား ဖြတ်လာ လုပ်နေကြသော လူများကို နေစဉ် မပြတ်တမ်း တမေ့တမော စောင့်ကြည့်လေ့ရှိသည်။ ထိုစဉ်တုန်းက ရင်းနှီးခဲ့သော ပုံရိပ်များကို ယနေအချိန်တွင် ပြန်လည် ပုံဖော်ကြည့်သော အခါ ပုံရိပ်တို့၏ နောက်ကွယ်တွင် မပီပြင်သော ဘဝတေးများ ဟစ်ကြွေးနေကြသည်ဟု ခံစားမိသည်။ ရပ်ကွက်ထဲတွင် ဖြတ်သန်းသွားခဲ့သော ကျွန်တော် မြင်တွေ့ခဲ့ရသည့် လူတို့သည် သူရို့၏ ဘဝအခြေအနေ၊ မိသားစု အရေး၊ အစုံစုံကို သူရို့၏ နေ့စဉ် လှုပ်ရှားမှုများက သရုပ်ဖေါ်နေသလိုပင်။ တနည်းအားဖြင့် တစ်လက်မခန့် အကျယ်သာရှိသည့် သစ်သားတိုင်းများ အကြားမှ စိတ်လှုပ်ရှားဖွယ်အတိ၊ ပျင်းရိငြီးငွေ့စရာ မရှိသော ဘဝရုပ်ရှင်ကို ချောင်းမြောင်းကြည့်ရှု့နေရခြင်းပင်။

ကျွန်တော်တို့ ရပ်ကွက်ကို ကျောက်ဆစ်တန်းလို့လည်း ခေါ်သည်။ နောင် အနှစ် ငါးဆယ် တစ်ရာ အတွင်း ထိုနာမည်သည် ပျောက်ဆုံးသွားဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော ကျောက်ဆစ်တန်းရပ်သည် တရားဝင် နာမည် မဟုတ်။ အစိုးရ ရုံး ဋ္ဌာန စာရင်းဇယားဝင်သည်က ပေါက်ပေါက်တန်းရပ် နှင့် ဥယျာဉ်တန်းရပ်ဟူသော အမည် နာမများအဖြစ်သာ ဖြစ်သည်။ တောင်ပြင် ဘုရားကြီးတွင် ရှိသော ကျောက်ဆစ်တန်းသည်ကာ တကယ့် ကျောက်ဆစ်တန်းမည်သည်။ သို့ရာတွင် ယခင် အနှစ်သုံးဆယ်ကျော် ကျွန်တော် ငယ်စဉ် ကလေးဘဝ မတိုင်မီကတည်းက သည် ပေါက်ပေါက်တန်းရပ်ကွက်နှင့် ဥယျာဉ်တန်း ရပ်ကွက် အကြားတွင် ဘုရားဆင်းတုများ၊ ကျောက်ဆစ်ရုပ်ထုများ ထုဆစ်ခဲ့ကြသည်။ သို့ရာတွင် ဤနေရာ ၌ ကျောက်ဆစ်လုပ်ငန်းများ လုပ်ကိုင် ခဲ့ကြသည်ကို နောင်တချိန်တွင် မည်သူ သိရှိနိုင်တော့ပါအံ့။ ကျောက်ဆစ်တန်း မီးသတ် ရုံ အဖြစ်သာ အမှတ်တရကျန်ရစ်ခဲ့သည်။ ကျွန်တော် ငယ်စဉ်က ကျောက်ဆစ် ရုပ်တု အကျိုးအပဲ့များ လမ်းထောင့် နေရာများတွင် တွေ့မြင်ရသေးသည်။ တဖြည်းဖြည်း ကျောက်ဆစ် လုပ်ငန်းရှင်များ ရွှေ့ပြောင်း စွန့်ခွာသွားကြသောအခါ ဘာမှ မကျန်ရစ်ခဲ့တော့ပေ။

ကျွန်တော်တို့ အိမ်ရှေ့က လမ်းမကြီးသည် လမ်းထောင့်ဖြစ်သည့် အားလျော်စွာ ဟိုဖက် ဒီဖက်က လာကြသော စက်ဘီးစီးသမားများ၊ မော်တော်ကား၊ မြင်းလှည်း နွားလှည်းများ မျက်နှာချင်းဆိုင် ဦးတိုက်မိကြသည်။ တစ်ဦးနှင့်တစ်ဦး မထိမိ၊ မခိုက်မိ၊ မတိုက်မိအောင် စက်ဘီးသမားများက ကလင် ကလင်နှင့် အသံပေးကြ၊ မော်တော်ကားကြီးများက ဟွန်းသံများ တီးကြ၊ မြင်းလှည်း သမားများက မြင်းရိုက် တုတ်တံအား လည်နေသော ဘီးလုံးအပေါ်တွင်တင်၍ တပ်..တပ်..တပ် နှင့် အသံထွက်စေလျက် မြင်းလှည်းလာနေကြောင်း အသံပေးကြရသည်။ တနည်းအားဖြစ် ကျွန်တော့် အိမ်ရှေ့ လမ်းထောင့်သည် အမြဲတမ်း အသက်ဝင်လှုပ်ရှား ဆူညံနေလေ့ရှိသည် မြင်ကွင်း တစ်ခုဖြစ်သည်။

မနက်အလင်းရောင် မရောက်သေး၊ လင်းအာရုံ မကျင်းလင်းသေးခင်မှာပင် တကျီကျီ၊ တကျွိကျွိနှင့် လက်တွန်းလှည်းသံများကို အိမ်ရာထဲမှ နိုးတဝက်နှင့် စတင်ကြားရတတ်သည်။ စာမေးပွဲနီးလို့ မနက်စောစော စာထကျက်သည့် အခါများတွင်မှ ထိုလက်တွန်းလှည်း သမားများကို ကိုယ်တိုင် ကိုယ်ကျ အိမ်ထဲမှ လှမ်းမြင်ရတော့သည်။ သူရို့သည် အိမ်မှုံစုံမွားဖြင့် လေးကန်သော ခြေလှမ်းများကို တလှမ်းခြင်း လှမ်းလျက် ဈေးချို၏ မနက်ခင်း ကိုင်းတန်းဈေးတန်းများ ဆီသို့ အမှီ သွားကြသည်။ နှစ်ဘီးတပ်လှည်းများသည် ကုန်ပစ္စည်းတင်းသောအခါ ရှေ့ဘက်မှ ဆွဲကြရသော ဆွဲလှည်းများလည်းဖြစ်ကြသည်။ မြင်းလှည်းတွင် ဝန်ကို မြင်းကဆွဲရသကဲ့သို့၊ ဆွဲလှည်းတွင်လည်း ဝန်ကို လူကဆွဲရသည်။ ထိုဆွဲလှည်း သမားတို့နှင့် အတူ အဖေသည် နံနက်ခင်း အလင်းမထွက်ခင် အမှောင်ထုထဲ တိုးဝင်ကာ အလုပ်သွားရသည်ကို မျက်စေ့အောက်မှကွယ်ပျောက်သွားသည်အထိ ငေးမေားကြည့်ခဲ့ဖူးသည်။ အဖေကဲ့သို့ မနက် အာရုဏ်အလင်းရောင်နှင့် အပြိုင် တလှုပ်လှုပ် သွားနေကြသော လူများလည်းရှိသည်။

ထိုကဲ့သို့ အချိန်မျိုးတွင် အိမ်ရှေ့မျက်နှာချင်းဆိုင်မှ ကုက္ကိုလ်ပင်ကြီးပင် မနိုးသေးချေ။ ကုက္ကိုလ်ရွက်တို့သည် တစ်ရွက်နှင့်တစ်ရွက်ပူးကပ်ထားက ရွက်သိမ်းထားတုန်းပင်။ ညက အိပ်တန်းတက်ခဲ့သည့် ငှတ်တို့သည်လည်း ထိုကုက္ကိုလ်ကိုင်းတို့ ပေါ်တွင် အိပ်စက်နေကြတုန်း။ တဖြတ်ဖြတ်နှင့် အတောင်ခတ် ပျံသန်းသွားသော ခင်ဘုတ်နှင့် ဇီးကွက်တို့ကို အရိပ်ပမာသာ လှမ်းမြင်လိုက်ရတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် ကျောက်ဆစ်မီးသတ်မှ လေးနာရီ သံချောင်းခေါက်သည်။

အဖေ အိမ်မှ အလုပ်သို့ ထွက်သွားပြီ တစ်နာရီခန့်တွင် ခေါင်းရွက် ငချိတ်ပေါင်း သည်ကို တွေ့ရသည်။ မနက် အလင်းရောင် မရှိတရှိ လင်းအားကြီးချိန်ဖြစ်သည့် အားလျော်စွာ ငချိတ်ပေါင်းသည် သည် ဟစ်အော်ခြင်းမရှိ။ တိတ်ဆိတ်စွာ လမ်းမပေါ်တွင် ဖြတ်သန်းသွားလေ့ရှိသည်။ အဘွားက သေသေချာချာ စောင့်ကြည့်ပြီးမှ ငချိတ်ပေါင်းသည်ကို ခေါ်ကာ ငချိတ်ပေါင်းနှင့် ပဲပြုတ်ကို ဝယ်ယူရသည်။ အဝတ်အိတ်ကြီးထဲတွင် ထည့်ထားသော ငချိတ်ပေါင်းတို့သည် ပူနွေးနေကာ ငချိတ်နံ့တို့က သင်းနေလေ့ရှိသည်။ ထိုစဉ်က ခေါင်းရွက်သည်တို့ ရောင်းသော ငချိတ်ပေါင်း နှင့် ပဲပြုတ်တို့ကို ၅-ကျပ်သား၊ ၁၀-ကျပ်သား အစရှိသဖြင့် အလေးချိန်နှင့် ချင်တွယ်ကာ ဝယ်ယူရသည်။ကျွန်တော် မှတ်မိသမျှ ရပ်ကွက်အတွင်းဖြတ်သန်းသွားသမျှ ခေါင်းရွက်သည်တို့ အထဲတွင် ထို ငချိတ်ပေါင်းသည် သည် အစောဆုံး ဈေးသည်ပင် ဖြစ်သည်။ ထိုစဉ်တုန်းက မန္တလေးတွင် ကောက်ညင်းပေါင်းကို အုန်းသီးနှင့် စားသည့် ဓလေ့နည်းသေးတယ် ထင်သည်။ ငချိတ်ပေါင်းပဲ ရောင်းကြသည်။ ထို့ကြောင့် ယနေ့အချိန်အထိ ကျွန်တော်သည် ငချိတ်ပေါင်းကို ပိုမိုနှစ်သက်တုန်းပင်။ ကောက်ညင်းပေါင်းနှင့်ငချိတ်ပေါင်းကို ရွေးရလျှင် ငချိတ်ပေါင်းပဲ ရွေးဖြစ်မည်။

ထိုခေါင်းရွက်သည် လာပြီးနောက် မကြာခင်တွင် အလင်းရောင်သည် တစစနှင့် တအိအိ ရပ်ကွက်ထဲ ချဉ်းနှင်း ဝင်ရောက်လာသည်။ နေ့သစ်ကို ကြိုဆိုရန် ကုက္ကိုလ်ရွက်တို့ ဖြန့်ခင်းကြလေပြီ။ ညခင်းက တွေ့ရသလို ကျိုးတို့ ကျဲတဲ သစ်ကိုင်းများ မဟုတ်တော့။ အရွက်များ ဖုံးလွှမ်းသွားခဲ့သည်။ ထိုနံနက်ခင်း အလင်းရောင်တို့နှင့် အတူ ကျီးကန်းတို့ အုတ်သြော်သောင်းနင်း ပျိုဆင်းကြသည်။ စာကလေးများ တကျိကျိနှင့် ကပျောကသော ရောက်ရက်ခတ် အော်ဟစ်ကြသည်။ သင်္ဃန်းဝါဝါနှင့် ရဟန်း သံဃာတို့ကိုလည်း ဟိုဟို ဒီဒီမှာ စတင်မြင်ရပြီ။ ထိုအချိန်ဆိုလျှင် အဘွား၏ ထမင်းအိုးလည်း ကျက်ပြီး၊ ထိုင်ကိုယ်တော်များကို ဆွမ်းလောင်းရန် အဆင်သင့်ဖြစ်နေသည်။ အိမ်ရှေ့လမ်းမကြီးသည် တဖြည်းဖြည်း အသက်ဝင် လှုပ်ရှားလာသည်။ ထမင်းအကျန်ကို ဖြန့်ကျဲကာ ခိုစာကျွေးသူတွေကြောင့် လမ်းနဘေးတွေ ခိုတွေ တရုန်းရုန်းနှင့် ရှိနေတတ်သေးသည်။ လမ်းမပေါ်တွင်လည်း စက်ဘီးစီးသူများကို တွေ့ရပြီ။ မြင်းလှည်းနှင့် နွာလှည်းများ မန္တလေး လမ်းမများအပေါ် မောင်းခွင့်ရှိတုန်းက တခွပ်ခွပ် မြင်းခွာသံများနှင့်အတူ မြင်းလှည်းများ၊ တကျီကျီနှင့် လိမ့်နေသော နွားလှည်းဘီးလုံးများသည်လည်း ကတ္တရာလမ်းမ အပျက်အပေါ် ဖိကြိတ်သွားလာကြသည်။ အဖေ မြင်းလှည်းမောင်းတုန်းကဆို ဒီလိုအချိန် မြင်လှည်းမောင်း ထွက်လေမလား ဟု မှန်းဆကြည့်မိသည်။ အိမ်ရှေ့က လမ်းမသည် ထိုစဉ်က နွေရာသီဆိုလျှင် အခြောက်၊ လေပွေ အဝေ့တွင် ဖုန်များ မိုးမွှန်အောင် ထကြွကြသည်။ မိုးရာသီဆိုလျှင် ဖုန်အစား ရွှံဖွက်တို့ အတိသာ ရှိသည်။ယခင်မိုးပြီးလို့ ရွှံဖွက်တို့ ခြောက်လုခြောက်ခင်တွင် နောက်မိုးက ပြန်လည်စိုစွတ် ဖွက်ထစေသည်။ မိုးတွင်းအခါတွင် ရွှံဗွက်များ တော်ရုံနှင့် မခြောက်သော လမ်းမပေတည်း။

မနက်ခင်း အသက်ဝင်ကာ ရပ်ကွက်ကြီးတစ်ခုလုံး နိုးထလာချိတ်တွင် “မုန့်ပစ်သလက် အကြော်” ဆိုသည့် အသံသြသြကြီးနှင့် တစ်ဖြောင့်တည်းအော်သံကို ကြားရသည်။ ထိုအသံကို ကြားရလျှင် အကြော်သည် ယောင်္ကျားကြီးများလာပြီးဆိုတာကို အိမ်ထဲမှနေ၍ သိရသည်။ သူရို့ အသွင်အပြင်သည် မန္တလေး၌ကြာမြင့်စွာ အခြေချနေထိုင်နေသည့် အသွင်အပြင်နှင့် မတူကြချေ။ ချည်ကြမ်းပုဆိုး ပတ်လည်စင်းနှင့် ချည်ကြမ်း ရှပ်အင်္ကျီလက်တို ခပ်နွမ်းနွမ်းကိုသာ ဝတ်တတ်ကြသည်။ တာရာဖိနပ်ကို စီးလျက်လည်း ရှိသည်။ တုတ်ခိုင်သော လက်မောင်း၊ လက်ဖျံကြီးများက နွားနှင့်ရုန်းကာ စစ်ကိုင်း၊ကျောက်ဆည်ဖက်မှ လယ်ထွန်လယ်စိုက်ခဲ့သူလေလား၊ သို့မဟုတ် ဧရာဝတီမြစ်ကမ်းဘက်က ငှက်ခတ်သူပေလေလားမသိ။ မည်သည် အတွက်ကြောင့် မန္တလေးမြို့ပေါ်တက် အကြော်ရောင်းရလေသနည်း။ ငယ်စဉ်တုန်းက ဒါတွေကို မစဉ်းစားတတ်။ သူရို့ရောင်းသည့် မုန်းပစ်သလက်က ရေထူ။ ပါးပါးရှပ်ရှပ် မုန့်ပစ်သလက်မျိုးမဟုတ်။ ဗန်းထဲတွင် ပဲဆီခွက်ကလေးနှင့် ဆားဘူးလေးလည်းပါသည်။ ဒုတ်တံ တိုတိုလေးထိပ်တွင် အဝတ်စပတ်လျက် ပဲဆီခွက်ထဲတွင် နှစ်ထားကာ မုန့်ပစ်သလက်ပေါ်တွင် ဆီသုပ်ပေးသည်။ ထို့နောက် ဆားဖြူးပေးသည်။ ထိုစဉ်က မုန့်ပစ်သလက် တစ်ခု ဆယ်ပြား၊ နောက် ကျွန်တော် နည်းနည်းကြီးလာတော့ တစ်မတ်။

ထိုမုန်းပစ်သလက်သည် ယောင်္ကျားကြီးများနှင့် အပြိုင် ချမ်းသာရထုံးကုံးထဲမှလာသော ခေါင်းရွက်သည် ဒေါ်လှတင်၏ “ကတိုးဝါ…ကျော်” ဆိုသည့် အသံကိုလည်း ကြားရသည်။ “ကတိုးဝါ” ကို အမြန်ဆိုလျက် “ကျော်” ဆိုသည့် စကားလုံးရောက်မှ အသံကို မြှင့်ကာ ဆွဲလိုက်သည်။ ကောက်ညင်း မုန့်နှစ်တို့နယ်ပြီး အထဲတွင် ပဲ၊ထန်းလျက် အချိုတို့ကို ထည့်ကာ ကျော်ထားသည့် အကျော်တစ်မျိုးဖြစ်သည်။ တခါတရံ သူ့အကျော်ဗန်းထဲတွင် မုန်းဆီကျော်များလည်း ပါလာတတ်သေးသည်။ မုန့်ပစ်သလက် တစ်ခု ဆယ်ပြား ခေတ်တွင် သူ့ကတိုးဝါကျော်က တစ်ခု ငန်းမူး(ငါးမူး)။

တဖြည်းဖြည်းနှင့် နေမြင့်ချိန်ရောက်လာလေ စားစရာဗန်းရွက်သည်တို့ အလျိုလျိုအိမ်ပြန် ကုန်ကြလေ ဖြစ်သည်။ ကမ္ဘာလောက အရပ်ရှစ်မျက်နှာတစ်ခွင်လုံးဆီသို့ အလင်းရောင်တို့ ပြည့်စုံစွာ ရောက်ရှိ ဖြန့်ကျက်ခဲ့ပြီးပြီ။ မကြာမီ အလင်းရောင်တို့ ပိုမို တောက်ပလာတော့မည်။ နေမင်းသည် ခေါင်းပေါ်ထိပ်တည့်တည့် ခုန်တက်ဖို့ ကြိုးစားနေသည်။ ထိုအချိန်မျိုးတွင် စားစရာဗန်းရွက်သည်တို့အစား အခြား ဗန်းရွက်ဈေးသည်များက လမ်းမပေါ် ရောက်လာကြသည်။
”ခေါင်း….လျှော်ရည်”
“ခေါင်း” ကို အာလုပ်သံဖြင့် အသံမြင့်မြင့် ဆွဲအော်ကာ “လျှော်ရည်” ကို နိမ့်ဆင်းသွားသော အသံအနေအထားဖြင့် အော်တတ်သည့် ပိန်ပိန်ပါး မိန်းမလတ်တစ်ယောက် အမြဲတမ်း ပေါ်လာတတ်စမြဲ။ ထိုစဉ်တုန်းက ယနေ့ခေတ်လို ခေါင်းလျှော်ရည်ဘူးများ မရှိသေးချေ။ နေ့လည် နေ့ခင်း ရေချိုးချိန် အမှီ တရော်၊ကင်းပွန်းတို့ဖြင့် ရောစပ်ထားသည့် စေစေးပျစ်ပျစ် ညိုညစ်ညစ် ခေါင်းလျှော်ရည်တို့ကို ကျွန်တော့် အဘွား အပါအဝင်၊ ရပ်ကွက်ထဲမှ လူအများ ခေါ်ငင် ဝယ်ယူ သုံးစွဲကြရသည်။ ထိုကဲ့သို့ ခေါင်းလျှော်ရည်မျိုးသည် တကယ့် မြန်မာ့ရိုးရာ ခေါင်းလျှော်ရည် အစစ်ဖြစ်သည်။ ပျစ်ချွဲသော အရည်တို့သည် အမြုပ်အထ နည်းသည်။ သို့ရာတွင် ထိုခေါင်းလျှော်နှင့် လျှော်ထားသော ခေါင်းသည် အလွန်အေးမြ၍ ကြည်လင်နေလေတော့သည်။ သူမ၏ ဗန်းထဲတွင် ရွှေဘိုသနပ်ခါး အတုံးအခဲလေးများ၊ ဘီးစိပ်များ၊ အပ်၊ အပ်ချည် အစရှိသည့် စုံစီနဖာ များလည်း ပါဝင်လေ့ရှိသည်။

ထို အချိန်မျိုးတွင် ဆာလာအိပ်ခပ်ညစ်ညစ်ကို ကိုယ်စီလွယ်လျက် စပုတ်တံသံချွန်တပ် တုတ်ကိုင်ထားကြသည့် ပလပ်စတစ်ကောက် ကောင်လေးများ ကို တွေ့ရတတ်သည်။ နှစ်ယောက်အုပ်စု၊ သုံးယောက်အုပ်စု၊ တခါတရံ ခပ်ကြီးကြီး တစ်ယောက်တည်းသမား ကောင်းလေးကို တွေ့ရတတ်သည်။ ရပ်ကွက်ထဲမှ ခွေးများနှင့် သူရို့သည် အမြဲတမ်း ရန်ဘက်။ တခါတရံ စစ်တလင်းပြင်အလား အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အပြန်အလှန် တိုက်ခိုက်ကြသည်။ ခွေးလေးငါးကောင်းနီးပါက ဝိုင်းဝန် တိုက်ခိုက်သည်။ အစွယ်များ မာန်ဖီလျက် လွတ်ရာကို ကိုက်ခဲရန် ကြိုးစားသည်။သူရို့က ကျောချင်းကပ်လျက် သံချွန်တပ်တုတ်ဖြင့် ဝှေ့ရမ်းကာ ကာကွယ်ကြသည်။ ထွက်မပြေးကြ။ ရပ်ကွက်ထဲမှ လူကြီးများက ဝင်ရောက်ကာ ခွေးများအား မောင်းထုတ်မပေးလျင် ထိုစစ်ပွဲသည် မည်မျှ တာရှည်မည် မသိ။ သူရို့သည် ကျွန်တော်နှင့် သက်တူရွယ်တူ အရွယ်ကလေးများဖြစ်ကြသည်။ ထိုစဉ်က ကျွန်တော်က ရှစ်နှစ် ကိုးနှစ် အရွယ်။ တံခါးတိုင်များနောက်ကွယ်မှ ကြည့်နေသော ကျွန်တော်၏ မျက်လုံးများသည် သူရို့ကို အထင်ကြီး အားကျခဲ့သည်။ သူရို့သည် ငယ်သည်။ ဒါပေမယ့် သတ္တိရှိသည်။

နေမွန်းတည့် မရှိတရှိ အချိန်တွင် မုံရွေးကပ်ကျေးသည် အဖိုးအိုနှင့် သူ့မြေးမတို့ ကျွန်တော်တို့အိမ်ရှေ့ လမ်းမမှ ဖြတ်ကာ အနောက်ရပ်ထဲသို့ ဆက်သွားကြသည်။ အမျိုးမျိုးသော ကပ်ကျေးဆိုက်စုံတို့ကို ထမ်းပိုး ရှေ့ဆိုင်းနှင့် နောက်ဆိုင်းတို့တွင် ထည့်ကာ ခါးကိုင်းကိုင်းနှင့် တအိအိသွားနေသော အဘိုအိုသည် မုံရွေးရွာကပေလော။ မြေးမဖြစ်သူ ကောင်မလေးက ကျွန်တော်နှင့် မတိမ်းမယိမ်း။ ထိုကောင်မလေးက “မုံရွေး ကပ်ကျေး” ဟု စူးစူးရှရှ အသံနှင့် အော်သည်။ ကျွန်တော် အံ့သြသည်က သူ့အသံသည် ကလေးသံ မပေါက်တော့။ ရင့်ကျက်နေသော မိန်မကြီးသံပင် ပေါက်နေသည်။ သူ ဘယ်အရွယ်ကတည်းက အဘိုးနှင့်အတူ ဈေးရောင်းနေရပါလိမ့်။ သူ့ အမေနဲ့ အဖေတွေက ဘယ်မှာလည်းလို့ ကျွန်တော့် တစ်ယောက်တည်း တံခါးတိုင်းတွေ နောက်မှာ တွေးနေမိခဲ့တယ်။ ထိုအချိန်မျိုးတွင် နေမင်းသည် ရက်စက်စွာ ပိုမို ပူပြင်လွန်းလှသည်ဟု ထင်မိသည်။

သတိရမိတဲ့ ငယ်ငယ်က မန္တလေး (၁)


အချိန်ကာလအားဖြင့် တစ်ဆယ့်ငါးနှစ်ကျော် နီးပါးမျှ ရှိလှရော့မယ်။ ဒီအရပ်၊ ဒီပတ်ဝန်းကျင်နဲ့အတူ မြင်နေ တွေ့နေကျ ကိုယ်နဲ့ သိသူတွေရော၊ မသိသူတွေနဲ့ ဝေးနေခဲ့တာ ကြာလှပြီကော။ အဲဒီအတိတ် ငယ်ငယ်တုန်းက ပုံရိပ်တွေကို ပြန်ပြောင်း စဉ်းစား တွေးတေားမိရင် သိပ်ချစ်စရာကောင်းတာပေါ့။ အတွေးစက်ဝန်းက အဆုံးမရှိ အစမရှိ။ တွေးမိရင် တွေးမိတဲ့ နေရာက စပြီး တငြိမ့်ငြိမ့်နဲ့ အတွေးရေအလျင်တွေထဲ ပျော်ဝင် စီးမျော လိုက်ပါသွားလိုက်တာ။တခါတရံ ကံကောင်းရင် ဝေ့ဝေ့ဝါးဝါး မေ့လုမေ့ခင် ငယ်ငယ်က အချို့ဖြစ်ရပ်ကလေးတွေ ပြန်လည် အမှတ်ရလာတတ်တယ်။ အဲဒါကို ကျွန်တော်က ဆေးသားအသစ်တင်တယ်လို့ ပြောလေ့ရှိတယ်။ အတိတ်ရဲ့ ပုံရိပ်တွေကို ပြန်လည် အမှတ်ရလာအောင် သစ်လွင်လာအောင် လို့ပေါ့။

ဦးနှောက်ရဲ့ ချောင်တနေရာမှာ တိတ်တဆိတ် ခိုဝင်နေလေ့ရှိတဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်လည် တူးဆွပြီး အမှတ်အသားလေးတွေ ပေးထားရတယ်။ သိပ္ပံခေတ်ကာလ လေ့လာစမ်းသစ်မှုတွေ အရ ဦးနောက်ရဲ့မှတ်ညာဏ် အခန်း အကန့်လေးတွေမှာ သူ့နေရာနဲ့သူ မှတ်ထားတဲ့ အချက်အလက်ကလေးတွေရှိတယ်တဲ့။ သိပ်မစဉ်းစား သိပ်မသုံးတဲ့ အကြောင်းအရာတွေက တဖြည်းဖြည်း နောက်ကိုတွန်းပို့ခံရပြီး ချောင်ထဲရောက်သွားတဲ့ သဘောမျိုးပေါ့။ အဲဒါတွေကို ကိုယ်က ပြန်သုံးမယ်ဆိုပြီး ချောင်ထဲကနေ ပြန်ဆွဲထုတ်ရပါတယ်။ နို့မိုဆို လုံးဝပျောက်ကွယ်သွားတတ်တယ်။

အဲဒီလိုမျိုး အတိတ်က ပုံရိပ်တွေကို ဆွဲထုတ်လိုက်တဲ့အခါ တချို့ဆို လန်းဆန်းသစ်လွင်နေလို့ အကြောင်းအရာတွေက ပြက်ပြက်ထင်းထင်း ပြန်လည် မှတ်မိလာတယ်။ ပေါ်လာတဲ့ အတွေးမျှင်စတွေ နောက်ကို တောက်လျှောက်လိုက်သွားကြည့်လိုက်တော့ “သြော် ဟုတ်ပေသားပဲ…အဲတုန်းက ဒီလို ဖြစ်ပျက်ခဲ့တာပဲ။ ဘယ်သူ ဘယ်ဝါတွေလည်း ပါခဲ့ကြတယ်” လို့ ပြန်လည် သြချလို့ရအောင်ကို မှတ်မိလာတယ်။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး စိတ်ထဲမှာ ခံစားနေရတတ်တယ်။ အဲဒီလို အချိန်အခါမျိုးဆို ရင်ခုန်လွန်းလို့ ဆယ်ကျော်သက် မိန်းမပျိုမလေးသဖွယ် ရင်ထဲမှ တသိမ့်သိမ့် တလျှပ်လျှပ်နဲ့။ စိတ်လှုပ်ရှားရတာကိုး။

ကျွန်တော်မှတ်မိနေသေးတဲ့ အတိတ်က ပုံရိပ်တွေဟာ တကယ်တော့ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော် လာလ အချိန်အပိုင်းအခြားလေးမှာတင် ရပ်တန့်မနေခဲ့ဘူး။ တွေးတော စဉ်းစားကြည့်မယ် ကြည့်တော့လည်း အတွေးထဲ၊ ဦးနှောက်ထဲမှာ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာတဲ့ ပုံရိပ်တွေက ဓါတ်ပုံ ဖလင်လိပ်တစ်လိပ်ကို တဖြည်းဖြည်းနဲ့ ဆွဲဆန့်ထုပ်လိုက်သလိုပဲ။ ဟောဟိုမှာ ပုံရိပ်တကွက်။ ဟောဒီမှာလည်း ပုံရိပ်တကွက်။ ထွက်လာလိုက်တဲ့ အတိတ်ကအရာတွေ။ ပေါ်လာလိုက်တဲ့ မှတ်ညာဏ်တွေ။ မေ့နေပြီဖြစ်တဲ့၊ သို့မဟုတ် မေ့လုမေ့ခင်ဖြစ်နေတဲ့ အတိတ်ကို တခါတရံ ပြန်ပြီး အလည်သွားရတာ ကြည်နူးစရာပါ။

ကျွန်တော့်ရဲ့ အတိတ်က ပုံရိပ်တွေထဲမှာ ခြေထောက်တဖက် ကျိုးပြီး အရိုးဆက်ထားရလို့ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတဲ့ အဘွားအို တစ်ယောက် နဲ့ အဲဒီအဘွားအိုရဲ့ လက်ဖဝါးတွေကို အားကိုးတကြီး ကိုင်ထားတတ်တဲ့ အသားဖြူဖြူ ကိုယ်လုံးသွယ်သွယ်နဲ့ ကောင်လေးတစ်ယောက်တို့က အမြဲတမ်း ပါလာလေ့ရှိတယ်။ နောက်တော့ သူရို့ နှစ်ယောက်ဟာ မန္တလေးမြို့ ပြင်လေးပြင်ကို ခြေလျင်တစ်မျိုး၊ မြင်းလှည်းဖြင့် တဖုံ၊ ဆိုက်ကားဖြင့် တလှည့် သွားလာနေကြတယ်လို့ မြင်ယောင်နေမိတယ်။

နက်မှောင်နေသော ဆံပင်တစ်ထွေး၊ အသားဖြူဖြူ နဲ့ အဘွားတစ်ယောက်။ အဘွားဒေါ်သစ်ကို တစ်ရပ်ကွက်လုံးက သိကြသည်။ တစ်ရပ်ကွက်လုံးကိုလည်း အဘွားက သိသည်။ အဘွား ရုပ်ရည် ရူပကာက ငယ်စဉ်တုန်းက တင့်တောင်းတင့်တယ်နှင့် မျိုးကောင်းဆွေကောင်းတို့မှ ဆင်းသက်လာကြောင်း သိသာစေသည်။ မျက်လုံး မျက်ဖန် ကောင်းပြီး ကြည်လင်နေသည်။ သန့်ရှင်းသော ရင်ဖုံးအင်္ကျီ၊ သနပ်ခါးအရည်ကျဲနှင့် ပေါင်ဒါမှုန့် နံ့ သင်းသင်းလေးက စိတ်မနောကို ပိုမို ကြည်လင် နေစေသည်။ အပြင်လူတစ်ယောက်အနေ နဲ့ အဘွားဟာ ခြေတဖက် ကျိုးနေတယ်လို့သာ ဆိုရတယ် ကျွန်တော့် စိတ်ထဲမှာ သူမဟာ ပကတိ ကောင်းမွန်ပြီး အားကိုးစရာ အဘွားတစ်ဦးပါ။ ထို့အပြင် သူမဟာ အရာရာကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သူမ မရှိတော့တဲ့ နောက်ပိုင်း နောင်တရ ကြေကွဲရတဲ့ အချိန်တွေမှာ သတိပြု သိရှိရခဲ့တယ်။

ဟိုအရင်တုန်းကဆိုရင် သူမဟာ သူမရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ကို အေးချမ်းတဲ့ ချစ်ခြင်း မေတ္တာတရားတွေနဲ့ အနားကွပ်ထားလေ့ရှိတယ်။ သူမချစ်တဲ့ မြေးတွေ နဲ့ အတူနေရတဲ့ အချိန်တွေဟာ အမြဲတမ်း လန်းဆန်းလှပနေတယ်။ သူမစုဆောင်းထားသမျှ ပိုက်ဆံ ကျပ်တန်အသစ်ကလေးတွေနဲ့ အကြွေတွေဟာ သူ့မရဲ့ မြေးတွေ သုံးစွဲဖို့ ပဲ ဖြစ်ခဲ့တယ်။

ဒါပေမယ့် ကြည်နူးနေရတဲ့ သူမရဲ့ဘဝဟာလည်း သူမရဲ့ မြေးအကြီးဆုံးက အတောင်အလက်တွေစုံလို့ အသိုက်အမြုံကို မစွန့်ခွာခင် အထိပေါ့လေ။ ညစဉ် ဓမ္မစကြာရွတ်ပြီး မြေးကလေးကို ငါးရာငါးဆယ် ဇာတ်နိပါတ် ပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ ဒုတိယ ကမ္ဘာစစ်အတွင်းက ရုရှား၊ဟစ်တလာ အကြောင်းတွေ၊ သီပေါမင်း ပါတော်မူပုံတွေကို ပြောပြတတ်တဲ့ အဘွားအိုဟာ သူမရဲ့မြေးမရှိတဲ့ နောက်ပိုင်း မြေးရဲ့ နာမည်ကိုသာ တသသ တမ်းတမ်းတတ ဟစ်ကြွေး အော်ခေါ်ပြီး နောက်ဆုံး ဘဝမီးအိမ် ချုပ်ငြိမ်းခဲ့တယ်။

အဘွားရဲ့ ဘဝအတွေ့အကြုံနဲ့ ရင်းပြီး ရလာတဲ့ သင်ခန်းစာကို မြေးဖြစ်တဲ့ ကျွန်တော် ရလာခဲ့တယ်။ နောင်မှ တတတ်ကြတဲ့ နောင်တပါ။ တခါတရံ အပြင်လောက က အဘွားအိုတွေကို စကားပြောခွင့် ကြုံတွေ့လာတဲ့အခါ ဘဝတပါးကို ပြောင်းသွားပြီ ဖြစ်တဲ့ ကိုယ့် အဘွားကို သေသေချာချာ အချိန်ပေး စကား မပြောနိုင်ခဲ့ရပါလားလို့ တွေးတောမိပြန်တယ်။

အသိညာဏ်ရင့်ကျက်သည့်အခါမှ အတိတ်က အရာများ ကိုပြန်လည် ဆင်ခြင် သုံးသပ်သည့်အခါ သင်ခန်းစာဆိုသည်မှာ နောင်တ တရားများ အပေါ်တွင် အခြေခံ၍ ပေါက်ဖွားလာတတ်သည့် ဓမ္မတာရှိသည်ကို လက်တွေ့ကျကျ နားလည်သဘောပေါက်ခဲ့သည်။ သို့ပေသည့် ကျွန်တော်သည် ခေတ်ကာလ၏ ပဲ့ကိုင်ရာ ဘဝရေစီးထဲမှာ စီးမျောနေဆဲပဲ။

ဘဝမြစ်ပြင်ကျယ်၏ ကမ်းနား သောင်ပြင် နေရာ ဒေသအနှံ့တွင် ကွန်းခို နားစက် ခဲ့ဖူးသည်။ ကြုံရာကျပန်း နေခဲ့သည်။ ပလက်ဖောင်းဘေးမှာ ဖိနပ်ခေါင်းခုအိပ်ဖို့ ကြုံလာရင် ဖိနပ်ခေါင်းခုအိပ်ခဲ့သည်။ အဆင့်မြင့်ဟိုတယ်ပေါ်တက် ဆယ်လကိုးသီတင်း အခန့်သား နေဖို့ ကြုံလာတော့ နေခဲ့လိုက်သေးတာပဲ။ သို့သော် ကိုယ်ကြီးပြင်လာခဲ့ရသော အိမ်နှင့် ဝန်းကျင်ကို လွမ်းသည့် စိတ်က နှလုံသား ထောင့်တစ်နေရာတွင် အမြဲကိန်းအောင်းနေသည်။ မြန်မာယဉ်ကျေးမှု အရိပ်အာဝါသအောက်တွင် ကြီးပြင်းလာခဲ့ရသည့်အတွက် မိဘနှင့် အတူနေရသည့် ဘဝကို တမ်းတမိသည်။

ငယ်ရွယ်စဉ်က ပျိုရွယ်မှုတန်းဖိုးကို အသက်ကြီးသည့်အခါမှ သိရသည်။ မိဘနှစ်ပါး၏ ကျေးဇူးတရားများကို အနေဝေးမှ သိရသည်။ ကျွန်တော်၏ မိဘနှစ်ပါးသည် ပညာ အမွေကို သာပေးနိုင်ခဲ့သည်။ သူတို့သည် မြန်မားရိုးရာ ရှေးရိုးစွဲ ထုံးတမ်းအစဉ်အလာများနှင့် ညီစွာ သားသမီးများကို ပျိုးထောင်ပေးခဲ့သည်။

ငယ်စဉ်က ဖိနပ် လျှပ်တိုက်စီးလို့ အသံထွက်လျှင် အဆူခံ အပြောခံရသည်။”ဟဲ့.. ဖိနပ် လျှပ်တိုက် မစီးနဲ့။ အသံမထွက်အောင် လမ်းလျှောက်ရတယ်” လို့ အမေက အော်သည်။ ထမင်းအိုးထဲမှ ထမင်းခူးတာ ပုံစံ မမှန်လျှင် အဖေက “ထမင်းခူးတာ အပေါ်ယံလေး ရှပ်မခူးရဘူး။ နောက်လူတွေက ဂျိုးတွေ စားနေရမှာပေါ့” လို့ ဆူပြန်သည်။ တဖန် အဘွားက “ထမင်းစားရင် လက်မစုပ်နဲ့။ ပြတ် ပြတ် ပြတ် လို့ အသံမထွက်စေနဲ့” လို့ သင်ပြန်တယ်။

အဖေသည် ပိုပြီး စည်းကမ်းတင်းကျပ်လေ့ရှိသည်။ စေ့စေ့ပေါက်ပေါက် အသေးစိတ်ကလေးကအစ အတိန်းအစောင်း မခံ။ မိဘတို့၏ သဘောသဘာဝ အတိုင်း သားသမီးတို့ကို အကောင်းတကာ့ အကောင်းဆုံးသာ ဖြစ်စေချင်သည်။ အတောင် အလက်စုံလင်စွာ အမြင့်တွင် ပျံသန်းနေကြသည်ကို မြင်တွေ့လိုသည်။

အဘွား၏ အမူအကျင့် နှင့်ခံယူချက်တို့ အဖေနဲ့ အဖေ့အစ်ကို တို့တွင် ပါလာခဲ့သည်။ ထို့နောက် အဖေခံယူချက်များလည်း ကျွန်တော့်တွင် ပါလာခဲ့သည်။ အဖေသင်ပေးခဲ့သော အင်္ဂလိပ်စာ လက်ရေးလှရေးနည်းသည် အလွန်အဖိုးတန်ခဲ့သည်။ အဖေသည် လွန်စွာမှ မာနကြီးသည်။ ဘယ်သော အခါမှ အခြားလူထံ လက်ဖြန့် အကူအညီ မတောင်း။ ချမ်းသာသော အမျိုးအဆွေ များနှင့်လည်း ခပ်တန်းတန်းနေသည်။ အဖေက “ငါက အကူအညီလိုချင်လို့ ကပ်တယ် ထင်နေလိမ့်မယ်” ဟု ဆိုသည်။ ရုတ်စွအဆုံး ရန်ကုန်တွင် နေသော သူ့အစ်ကိုနှင့်လည်း အဆက်အဆံမလုပ်။ သူ့အစ်ကိုကလည်း သူ့အမေ ကျွန်တော် အဘွားနှင့် အဖေတို့ကို အဆက်အသွယ် မလုပ်။ ကျွန်တော့် အမြင်တွင် သူတို့သည် ညီအစ်ကို အရင်း မဟုတ်ကြတော့။ တစိမ်းပြင်ပြင်များ ဖြစ်ကြသည်။ အနှစ် နှစ်ဆယ်အတွင်း အဖေ့အစ်ကို ကို ကျွန်တော် တစ်ခါသာ တွေ့ဖူး မြင်ဖူးလိုက်သည်။ အဘွားဆုံးတော့လည်း သူပေါ်မလာခဲ့။ အဖေသည် ကျွန်တော် အပေါ်တွင်လည်း မာနကြီးခဲ့သည်။ ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝတွင် အဖေနှင့် ကျွန်တော် စကား အခြေအတင် ဖြစ်ကြသည်တွင် “အေး..ငါက မင်းကောင်းစားစေချင်လို့ စာကြိုးစားခိုင်တာ….မင်းကြီးပွားချမ်းသာလို့ အောင်မြင်ရင် မင်းဆီက ခိုကပ်စားမယ်လို့ ထင်မနေနဲ့။ သားသမီးလုပ်စာ ဘယ်တော့မှ မမျှော်လင့်ဘူး” လို့ ပြောခဲ့သည်။ ယနေ့ အချိန်ထိ အဖေသည် မာနကြီးဆဲ။

ကျွန်တော် ငယ်စဉ်က အဖေသည် မြင်းလှည်းမောင်းသည်။ အမေက ကိုင်းတန်းဈေးထဲတွင် သရက်သီးရောင်းသည်။ အဖေ့ မြင်းဇောင်းက အိမ်နောက်ဖေး သပြေပင်ကြီးအောက်တွင်ရှိသည်။ အဖေရော အမေရော အိမ်မှာရှိသည့် အချိန် ကျွန်တော်က တံပျက်စည်း ရိုးတံကို ရွှေဘိုမြင်း လုပ်တန်းကစားတော့ အမေက အရမ်းရီခဲ့သည်။ ထိုအကြောင်းကို ယနေ့တိုင် ပြော၍ မပြီးတော့။ “ငါ့သား မင်း အဖေ မြင်းလှည်းမောင်းတုန်းက မင်း က ရွှေဘိုမြင်းလို ခုန်ပြီး ကစားတာလေ…”လို ခဏ ခဏပြောသည်။ ကျွန်တော်မှာ အမေပြောမှသာ သိရသည်။

နောက်တော့ အဖေ မြင်းလှည်းမောင်းတာ အဆင် မပြေဘူးထင်ပါရဲ့။ ပုလိပ် ချည်မျှင်စက်သို့ သာမန်အစိုးရ ဝန်ထမ်းအဖြစ်ရောက်သွားသည်။ မနက်ခင်း အလင်းရောင် မထွက်သေးခင် အဖေသည် အိမ်မှ ထွက်ခါ အနောက်ပြင် ပေါက်ပေါက်တန်းရပ်မှ ဈေးချို စစ်ကိုင်း ကားဂိတ်အထိ ဘတ်စကား အမှီ လှမ်းလျှောက်သွားရသည်။ အိမ်ပြန်ရောက်တော့လည်း မိုးစုန်းစုန်း ချုပ်လို့။ ထိုစဉ်က အမေနှင့် အဖေ စကားများ ၍ အမေက သူ့အဖေ ကျွန်တော့် အဘိုးအိမ် သွားနေသည်။ ကျွန်တော်က အဖေ့ အမေ၊ ကျွန်တော့် အဘွားနှင့်သာ နေခဲ့သည်။ အဖေက အိမ်မှာ လူကြီးသူမ မရှိသည့် အချိန်တိုင်းတွင် အိမ်တံခါးကို အမြဲပိတ်ထားရန် မှာလေ့ရှိသည်။ ထိုအလေ့ အကျင့်မှ စ ၍ ကျွန်တော်တို့ အိမ်တံခါးမကြီးသည် ကျွန်တော် ကြီးလာသည်အထိ အမြဲလိုလို ပိတ်ထားသည့် အကျင့်ဖြစ်သွားခဲ့သည်။

အထက်တန်း ကျောင်းသား ဘဝတွင် သူငယ်ချင်းများက “မင်းတို့ အိမ်က ဟို…အမြဲ တံခါးပိတ်ထားတဲ့ အိမ်ကြီးလား”လို့ မေးတတ်ကြလေ့ရှိသည်။

ထို့ကြောင့် ကျွန်တော့် ငယ်စဉ် အတိတ်က အကြောင်းများကို ပြန်စဉ်းစားမိတိုင်း အနီရောင် အိမ်တံခါး သစ်သားတိုင်များ အကြားမှ အပြင်လောကကြီး၏ လွတ်လပ်မှုကို မပြတ်တမ်းငေးမောနေလေ့ရှိသည့် ကလေးလေးတစ်ယောက်၏ မျက်လုံးအစုံကို အမြဲတမ်း မြင်ယောင်နေမိသည်။ ထိုစဉ်ကစ၍ အချုပ်အနှောင်နှင့် အတွယ်အတာ မွန်းကျပ်သည့် ဘဝကို ကြောက်ရွံ့ မုန်းတီးခဲ့သည်။

ကျွန်တော်တို့ ရပ်ကွက်သည် သာမန် လူတန်းစားများသာ နေထိုင်ကြသည်။ ရုပ်မြင်သံကြား ပေါ်သည့် ခေတ်တွင် မည်သူတစ်ဦးမျှ မဝယ်နိုင်ကြသေး။ အခြားရပ်ကွက်သို့ သွားကြည့်ရသည်။ သစ်သားအိမ်လေးနှင့် ရုပ်မြင်သံကြားကို ပိုင်ဆိုင်ထားသော ဦးဟန်ဘော်သည် ရပ်ကွက် အနီးအနားတဝိုက်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ထိုစဉ်က ရုပ်မြင်သံကြား ကြည့်ရန် ဝင်ကြေး တစ်မတ် ပေးရသည်။ အနံ့အသက် ပေါင်းစုံ၊ ကလေးငိုသံ၊ ဆူသံ၊ ဆဲသံတွေ အကြား၊ နေကြာစေ့ထုပ်ကိုယ်စီနှင့် ဘဝအမော ဖြေကြသည်။ ပူနောင် ပူနောင်ဟူ ၍ မြန်မာ့ ဆိုင်းသံနှင့်အတူ ည ရှစ်နာရီ သတင်းကြေငြာချိန် ဆိုလျှင် ရုပ်မြင်သံကြားကြည့်သူတို့ အလျိုလျို အနားယူ၊ ခြေလက် ဆန့်ကြသည်။ ထိုအခါကြမှ ကလေးငယ်များ ငိုရန် သတိရကြသည်။ အပျို အအို၊ ကလေး လူကြီး စုံနေအောင်ကြည့်ကြသည်။ ထိုစဉ်က ကျွန်တော်က ကလေးအတန်းအစားဝင်။ သို့ရာတွင် ပရိသတ်အားလုံးက လူကြမ်းနှင့် ဇာတ်လိုက် ရန်ဖြစ်လျင် ဇာတ်လိုက်ဘက်မှ ပါဝင်အားပေးကြသည်။ လူကြမ်းကို ဆူပူ ကြိမ်းမောင်းကြသည်။ ပရိတ်သတ်သည် ရိုးသားစွာ ရုပ်ရှင်ဇာတ်လမ်း အပေါ် စီးမျောရင်း ရိုးသားစွာတုံ့ပြန်ကြသည်။ ကျွန်တော်တို့သည် သာမန်ရပ်ကွက်ကလေးတစ်ခုမှ ရိုးရှင်းသော မိသားစုဝင်များ ဖြစ်ကြသည်။

စီမံခန့်ခွဲခြင်း နှင့် အုပ်ချုပ်မှု (၃)


မောင်ဘကောင်း စာရေးရင် အကြောင်းအရာတွေက တစ်ခုနှင့် တစ်ခု အချိန်အတော်ကြာမှ ဆက်စပ်ယူရတယ်လို့ ပြောကြမှာပဲ။ပြောစရာ အရေးကလည်း ရှိနေပြီကိုး။ နဂိုအခံကလည်း ခေါင်းချရာ အိမ်ဖြစ်တဲ့ လူမျိုးဆိုတော့ အာရုံကလည်း လူနဲ့အတူ လွင့်လွင့်နဲ့ပါပဲ။

ဒီဟာကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ရေးခဲ့တာကို ဆက်ရေးလိုက်တာပါ။
-----------------------------------------------------------------------------------
Project Charter တွင် ပရောဂျက် အကြောင်းအရာ ကို အတိုချုပ် ဖော်ပြထားပြီး၊ ပရောဂျက်၏ ရည်ရွယ်ချက်၊ မည်သူက ပရောဂျက်ကြီးတစ်ခုလုံးကို ငွေကြေးအင်အားဖြင့် ကျောထောက်နောက်ခံပေးထားသနည်း။ တနည်အားဖြင့် ပရောဂျက် စပွန်စာ(Sponsor) ကဖြင့် ဘယ်သူ ဘယ်ဝါလို့ ဖေါ်ပြထားပါတယ်။

ထို့အပြင် ပရောဂျက် သည် မည်သည့်နေ့တွင် စပြီး၊ မည်သည့်နေတွင် အဆုံးသတ်ရမည်၊ ပရောဂျက်တွင် မည်သူတွေ ပါဝင်ပတ်သက်ကြမည်ကို ဖေါ်ပြထားရသည်။ ပရောဂျက်၏ ရည်ရွယ်ချက်သည် တိုးတောင်းရှင်းလင်းဖို့ လိုအပ်သည်။ ဝိဟာရကွဲ အဓိပ္ပာယ်နှစ်ခွထွက်နေသော ဖွင့်ဆိုချက်များ ရှောင်ရှားရပါသည်။

တချို့သော ပရောဂျက်များမအောင်မြင်ရသည်မှာ ရည်မှန်းချက်(Objective) ရှင်းလင်းမှုမရှိပဲ ရှိနေသောကြောင့်ဖြစ်သည်။

ပရောဂျက်တစ်ခုတွင် ပရောဂျက်မန်နေဂျာ ပါဝင်စွတ်ဖက်၍မရနိုင်သော ကိစ္စများ၊ ဘတ်ဂျက် အခက်အခဲပေါ်လာသည့် အခါ၊ ပရောဂျက်မန်နေဂျာကိုယ်တိုင် ဆုံးဖြတ်ချက်ချ၍ မရနိုင်တော့သည့် အခါတွင် PMO ကို အကြောင်းကြား တင်ပြရသည်။ PMO မှတဆင့် ပရောဂျက် စပွန်စာ ဆီသို့ တင်ပြရကာ၊ အကယ်၍ ပရောဂျက် စပွန်စာက ငွေကြေးထောက်ပံ့ပေးမှုရပ်ဆိုင်းပါက ပရောဂျက်တစ်ခုလုံး ရပ်ဆိုင်းသည်ပင်။

ပရောဂျက်တွင် မည်သူတွေက ပါဝင်ပတ်သက်မည်ကို ခြုံငုံစွာ သိထားဖို့လိုအပ်သည်။ မည်သူကဖြင့် ပရောဂျက်ကို ဘယ်လောက် အတိုင်းအတာထိ လွှမ်းမိုးမည်နည်း။ ထိုလွှမ်းမိုးနိုင်မည့်သူများအား ပရောဂျက် စတင်ချိန်၊ အစီအစဉ်ရေးဆွဲချိန်တွင် ပါဝင် နားလည်ထားဖို့လိုအပ်သည်။

ထိုကဲ့သို့ အစပိုင်း အချိန်များတွင် ပရောဂျက်အပေါ် လွမ်းမိုးသည့် ပမာဏ များမည်။ ပြုပြင်တာတွေ၊ ပြောင်းလဲတာတွေများ မည်။ သို့ရာတွင် ပရောဂျက်သည် အချိန်နှင့် တကွ တိုးတက် လာသည်နှင့်အမျှ ထိုလွမ်းမိုးမှု ပမာဏ နည်းသွားဖို့ လိုအပ်သည်။ ပရောဂျက် ပြီးဆုံးခါအနီးထိ ပြင်ဆင်တာတွေ၊ ပြောင်းလဲတာတွေ လွှမ်းမိုးမှု ရှိနေသေးလျှင် ရေးဆွဲထားသည့် ပရောဂျက် အစီအစဉ် ကို ထိခိုက်ပေလိမ့်မည်။

Preliminary Project Scope Statement ကို ရေးသားပြင်ဆင်သည်တွင် ပရောဂျက်တွင် မည်သည်တို့ကို ပြီးမြောက်အောင်လုပ်ရမည်၊ မည်သည့် အတိုင်းအတာထိအောင် သိုတည်းမဟုတ် မည်သည့်အတိုင်းအတာထိသာ ပြီးမြောက်အောင် လုပ်ဆောင်ရမည်၊ မည်သည့် နည်းလမ်း ဆုံးဖြတ်ချက်က ပရောဂျက်အောင်မြင်စွာ ပြီးမြောက်ကြောင်း ဆုံးဖြတ်မည် တို့ကို အကြမ်းဖျင်း ထည့်သွင်းရေးသားရပါသည်။

ပရောဂျက်တစ်ခုကို ဘယ်လိုနည်းလမ်း နိဿယျများဖြင့် ချဉ်းကပ်ကာ အဘယ်ကဲ့သို့ ပြုမူလုပ်ဆောင်မည်နည်းဟု ရှင်းလင်းပြတ်သားသော သတ်မှတ်ချက်ရှိရပါသည်။ စာရေးသူလုပ်ခဲ့သော ပရောဂျက်တစ်ခု၏ လုပ်ဆောင်ပုံနည်းလမ်း သတ်မှတ်ချက်ကို ဥပမာပေးရလျင်

၂။ အစီအစဉ် များ ပြုလုပ်ခြင်း၊ ရေးဆွဲခြင်း (Planning)

ပရောဂျက် အစပျိုးခြင်း စတင်ပြီးသည်နှင့် အစီအစဉ်များပြုလုပ်ရေးဆွဲခြင်း Planning အဆင့်သို့ ကူပြောင်း ရောက်ရှိပါသည်။ ထိုအဆင့်တွင် လုပ်ဆောင်ရမည့်အရာသည် ပရောဂျက် စီမံခန့်ခွဲခြင်း အစီအစဉ် ရေးဆွဲခြင်း(Develop Project Management Plan) ဖြစ်သည်။
အစီအစဉ်များ ပြုလုပ် ရေဆွဲခြင်းသည် ပရောဂျက်တစ်ခုလုံးအတွက် အခရာဖြစ်သလို့၊ အစီအစဉ်များ ပြုလုပ်ရေးဆွဲချိန်သည် အခြားသောလုပ်ဆောင်ချက်များထက် ပိုမိုပြီး အချိန်ယူရပါသည်။ ထိုသို့ အစီအစဉ်များ ရေးဆွဲနိုင်ရန် အတွက် အစပျိုးခြင်းအဆင့်တွင် ရရှိခဲ့သော Project Charter, Preliminary Project Scope Statement, Methodology များကို အသုံးပြုရပါသည်။

မည်သည်များကို အစီအစဉ်ပြု ရေးှဆွဲ ရပါမည်နည်း။
၁။ ပရောဂျက် အတိုင်းအဆပမာဏအား စီမံခန့်ခွဲရန် (Scope Planning)
၂။ ပရောဂျက် အချိန်ဇယားရေးှဆွဲရန် (Schedule Development)
၃။ ကုန်ကျမည့် စရိတ် ငွေကြေး ပမာဏအား စီမံခန့်ခွဲ တွက်ချက်ရန် (Cost Estimating and Budgeting)
၄။ အရည်အသွေးကောင်းမွန်သော အောင်မြင်မှုရရှိစေရန် (Quality Planning)
၅။ လူများကို စီမံခန့်ခွဲခြင်း (Human Resource Planning)
၆။ ဆက်သွယ်ရေး လမ်းကြောင်းများကို စီမံခန့်ခွဲခြင်း (Communication Planning)
၇။ ဖြစ်နိုင်ခြေ ရှိသော၊ နောင်ဖြစ်လာနိုင်သော အနှောက် အယှက်၊ အဖျက်အဆီး များအား တင်ကြိုခန့်မှန်း စီမံခန့်ခွဲမှု (Risk Management Planning)
၈။ ပြင်ပမှ လိုအပ်သော သဘောတူညီချက်များ၊ အကူအညီများ၊ စီပွားရေးဆိုင်ရာ အဆက်အသွယ် များကို စီမံခန့်ခွဲမှု (Plan Purchases and Acquisition)
များကို ပြုလုပ်ရပါမည်။
အထက်ပါ ပြုလုပ်ရမည့် အချက်အလက်များကို သုံးသတ်ခြင်းအားဖြင့် အစီအစဉ် များ ပြုလုပ်ခြင်း၊ ရေးဆွဲခြင်း အဆင့် ပရောဂျက်နည်းဗျုဟာများကို အားလုံး ပါဝင် အသုံးချရန် လိုအပ်သည်ကို တွေ့ရှိရပါသည်။

Project Management Plan သည် Project တစ်ခုလုံး မပြီးမချင်း လုပ်ဆောင်နေသည့် ကာလအတွင်း အမြဲတမ်း အသုံးချနေရမည့် အစီအစဉ်များ ဖြစ်ပါသည်။

လုပ်ဆောင်ရမည့် အစီအစဉ်ကောင်းမှသာလျင် လုပ်ဆောင်ရမည့် အရာများ အံဝင်ခွင်ကျ သူ့နေရာ၊ သူ့အချိန်ကိုက်နှင့် ကွင်းဆက်များကဲ့သို့ အစီအစဉ်အတိုင်း အလိုက်သင့် လုပ်ဆောင်သွားရုံပင် ဖြစ်သည်။ အစီအစဉ်ညံ့လျင် နောက်ပိုင်မနိုင်သော ပြဇတ်တစ်ပုဒ် ကရလို့ လမ်းခုလပ်အလည်၌ တောင်မင်းမကယ်နိုင်၊ မြောက်မင်းမကယ်နိုင် ဖြစ်ချေလိမ့်မည်။

ပရောဂျက်၏ အတိုင်းအဆ ပမာဏကို သေးငယ်သော အတိုင်းအဆ လုပ်ငန်းငယ်လေးများ အဖြစ်သို့ ခွဲခြမ်း စိပ်ဖြာပစ်လိုက်ပါ။ဤသည်ကို Break down structure ဟု ခေါ်ပါသည်။ ဥပမာ ဟင်းတပွဲချက်မည် ဆိုပါက လိုက်အပ်သည့် ကြက်သွန်ခွာရမည့် အလုပ်၊ ခရမ်းချဉ်သီး လှီးရမည့် အလုပ်၊ ဆား၊ အချိုမှုန့် လိုအပ်သည်များကို အပိုင်းလိုက် ခွဲခြမ်းပစ်ကာ အလုပ်များကို ခွဲဝေ လုပ်ဆောင်ရပါမည်။ ကြက်သွန်ဖြူ ခွာသည့် အလုပ်နှင့် ဆီအပူပေးသည့် အလုပ် အဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ဆီသပ်သည့် အလုပ်ကို ဆက်လက် လုပ်ဆောင်ရန် အဆင်သင့် ဖြစ်ပါလိမ့်မည်။ ထိုမှတဆင် ဆနွင်းမှုန့် ထည့်လျင် ဆီဝါ ရကာ၊ အရောင်တင်မှုန့်ထည့်လျင် ဆီနီရပါသည်။

လိုအပ်သည်ကိုသာ လုပ်ပါ။ မလိုအပ်သည်ကို လုပ်ပါက အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပါသည်။ ပရော့ဂျက်တိုင်းတွင် အချိန်၊ ငွေ နှင့် လုပ်အား တို့သည် လိုက်လျောညီထွေ ချိန်ဆ အကျိုးသက်ရောက်နေလေ့ရှိသည်။

အချိန်တိုတိုနှင့် အလုပ်ပြီးမြောက်လိုလျင် လုပ်အားများများ ထည့်ရမည်။ ထိုအခါ ငွေအင်အား ပိုသုံးရပြီး လုပ်အားများများကို ငှားရမ် အသုံးချရတော့မည်။ ထို့ကြောင့် အချိန်၊ ငွေ၊ လုပ်အား တစ်ခုခု အပြောင်းအလဲဖြစ်ပါက ကျန်သည့် အရာနှစ်ခုကို လိုက်လျောညီထွေစွာ ချိန်ဆ အကျိုးသက်ရောက်ပေးရပါမည်။

သေးငယ်သော လုပ်ငန်း အစိတ်အပိုင်းလေးများ အဖြစ်သို့ ခွဲခြမ်းပြီးသည်နှင့် ထိုလုပ်ငန်းအသီးသီးအား ပြီးမြောက် အောင်မြင်အောင် အချိန်မည်မျှ ပေးရပါမည်နည်း။ဤအတွက် လိုအပ်သည့် အချိန်ပမာဏကို မည်သူက ဆုံးဖြတ် သတ်မှတ်ပေးရသနည်း။

ယခင် မူလက လုပ်ဆောင်ခဲ့ဘူးသော ဆင်တူရိုးမှား ပရောဂျက် နမူနာများ ရှိပါက ထိုစဉ်က လုပ်ဆောင်ခဲ့ဖူးသော မှတ်တမ်း မှတ်ရာများသည် အသုံးဝင်ပါလိမ့်မည်။ သို့ရာတွင် အသုံးချဖွယ် မှတ်တမ်း မှတ်ရာများ မရှိသောအခါ ပရောဂျက် မန်နေဂျာက တင်းကျပ်သော အချိန်အနည်းငယ်မျှဖြင့် အဖွဲ့ဝင်များကို အလုပ်ခိုင်းပါက လက်အောက်ငယ်သားများ မကျေမနပ်ဖြစ်ကျလိမ့်မည်။ မတရားသော အုပ်ချုပ်မှု ချဉ်းကပ်ပုံဖြစ်သည်။ ထို့အတူ လက်အောက်ငယ်သားများက ပြောသမျှ အလုပ်အချိန်အတိုင်း ခေါင်းငြိမ့်ကာ အစီအစဉ်ရေးစွဲပါလျှင်လည်း ပရောဂျက် မန်နေဂျာသည် အချိန်ကို မခန့်ခွဲတတ်။ ပရောဂျက်တွင် မလိုအပ်ပဲ အချိန်များ ကုန်ဆုံးသွားနိုင်သည်။ အချိန်များ ပိုကုန်ခြင်းသည် ပရောဂျက်အတွက် ပိုက်ဆံများ ပိုကုန်ခြင်း မည်လေသည်။

အချိန်ကို စီမံခန့်ခွဲရန် ချဉ်းကပ်ရမည့် ဖေါ်မျူလာများ၊ နည်းများ ရှိပါသည်။ အရိုးရှင်းဆုံးကို ပြောရလျှင် သင့် နေအိမ်မှ လေဆိပ်သို့ အမှီ သွားရန် ဘယ်နှစ်နာရီကြာမည်ကို တွက်ချက်ကြည့်ပါ။ တက်စီငှားမည်၊ ကံကောင်းလျှင် ချက်ချင်းရမည်။ လမ်းတွင် ကားမကြပ်၊ မီးပွိုင့်မမိပဲ တောက်ရှောက် အဆင်ပြေ ချောမွေ့စွာ ရောက်သည် ဆိုကြပါစို့။ ဥပမာ နာရီဝက်ကြာမည် ပေါ့။

အကယ်၍ ထိုကဲ့သို့ ဖြစ်မလာပဲ လမ်းတွင် ကားကြပ်မည်၊ မီးပွိုင်မိမည် (ဤ နေရာတွင် Risk factors များကို ခဏ ဘေးချိတ်) ဆိုပါက အလွန်ဆုံး တစ်နာရီ ကြာမည်ပေါ့။ ပရောဂျက် မန်နေဂျာ တစ်ယောက်အနေဖြင့် အကြမ်းဖျင်း ယေဘူယျ အနိမ့်ဆုံး နှင့် အမြင့်ဆုံး ကြာချိန်ကို ပေါင်းကာ ၂-ဖြင့် စားခြင်းဖြင့် ပမာဏ အချိန်တန်ဖိုးကို သတ်မှတ်နိုင်သည်။ ထို့ကြောင့် အိမ်မှ ၄၅-မိနစ် စောထွက်လျင် လေဆိပ်သို့ အမှီရောက်အောင် သွားနိုင်သည်ဟု ယူဆနိုင်ပေသည်။

၃။ပြုမူ လုပ်ဆောင်ခြင်း (Executing)

ပရောဂျက်တစ်ခုအတွက် အစီအစဉ်များ ရေးဆွဲပြီးသည်နှင့် ထိုအစီအစဉ်အတိုင် ပြုမူ လုပ်ဆောင်ရန် လိုအပ်ပါသည်။ တနည်းအားဖြင့် အလုပ်သမားများ စတင် အလုပ်လုပ်ကြရသည်။ စက်ပစ္စည်းများလည်း စတင်လည်ပတ် မောင်းနှင်သည်။ ထိုသို့ ပြုမူလုပ်ဆောင်နေစဉ် ကာလအတောအတွင်း အသုံးချရမည့် နည်းဗျုဟာများသည် အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ Project Charter မှ သတ်မှတ်ပေးထားသော Methodology အား အသုံးချခြင်း
၂။ ပြုမူလုပ်ဆောင်နေစဉ် ရရှိလာမည့် အရည်အသွေးအား စမ်းသပ် စစ်ဆေးခြင်း (Quality Planning)
၃။ ပြုမူလုပ်ဆောင်မူ အဆင့်တွင် လုပ်ဆောင်ရမည့် လူများအား စီမံခန့်ခွဲခြင်း (Human Resource Planning)
၄။ ဆက်သွယ်ရေး လမ်းကြောင်းများအား စီမံခန့်ခွဲခြင်း (Communication Planning)
၅။ ပြင်ပမှ လိုအပ်သော သဘောတူညီချက်များ၊ အကူအညီများ၊ စီပွားရေးဆိုင်ရာ အဆက်အသွယ် များကို စီမံခန့်ခွဲမှု (Procurement Management)
ဤ အဆင့်တွင် အသုံးချရမည့် နည်းဗျုဟာ ၅-ခု မျှ ရှိပါသည်။

ဤ အပိုင်းတွင် ပရောဂျက် မန်နေဂျာ တစ်ယောက်အတွက် နည်းနည်းပါးပါး အသက်ရှု အနားရချိန်လည်း ဖြစ်သည်။ သို့ရာတွင် စဉ်ဆက်မပြတ် ပရောဂျက်အတွင်း ပါဝင်သူများနှင့် ဆက်သွယ်နေရကာ လူအများအား စီမံခွဲနေရပေလိမ့်မည်။

အလုပ်မလုပ်ချင်သူကို လုပ်ချင်လာအောင်၊ မတတ်သူများကို တတ်ကျွမ်းလာအောင်၊ အလုပ်လုပ်နေသူများကို ရှေ့အနာဂတ် အတွက် မျှော်လင့်ချက်များ ထားရှိလာနိုင်ရန် အမြဲတမ်း တွန်းပို့ ပံ့ပိုးပေးနေရလိမ့်မည်။

ထို့နောက် သူတို့ လုပ်ငန်းခွင်မှ ထွက်လာသော အလုပ်ရလဒ်များအား လိုအပ်သော အရည်အသွေးကောင်းမွန်မှု ရရှိစေရန် သင့်တော်သော အရည်အသွေး စစ်ဆေးသည် များကို လုပ်ဆောင်ပေးရပါသည်။

၄။စောင့်ကြည့်နေခြင်း နှင့် လမ်းကြောင်းမှန်သို့ တည့်မတ်ပေးနေခြင်း (Monitoring and Controlling)

ဤ အဆင့် တွင် အားလုံးသော စီမံခန့်ခွဲ့မှုနည်းဗျုဟာများကို အသုံးချရပါသည်။ ပြုမူလုပ်ဆောင်ခြင်းမှ ရရှိလာသော အကျိုးရလဒ်များကို အရည်းအသွေး စံချိန်ပြည့်မှီ စေရန် စမ်းသပ် ကြည့်ရှု့ခြင်း၊ မိမိလိုအပ်သော အကျိုးရလဒ်ကို ရရှိစေရန် သေချာစွာ စစ်ဆေးခြင်း၊ ပိုမိုကောင်းမွန်သော နည်းလမ်းများကို တီထွင်ကြံဆခြင်း၊ အစရှိသည့် စောင့်ကြည့်ခြင်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရပါသည်။

အရည်အသွေးညံ့သည့် ရလဒ်ရှိပါက ပြန်လည် ကောင်းမွန်အောင်လုပ်ကာ သင့်တော်သော မှတ်တမ်း မှတ်ရာများ ရေးမှတ် ထားရပါသည်။ သို့မှသာ နောင်တချိန် အမှားများကို လေ့လာ သင်ခန်းစာ ယူနိုင်ပေမည်။

ထို့နောက် ပရိုဂျက်ကြီး တခုလုံးအတွက် ပြီးမြောက်သွားသော အရာ ရလဒ်များကို အတည်ပြုပေးရသည်။

၅။ပြီးဆုံးခြင်း(Closing)

ပရောဂျက် တစ်ခု အောင်မြင်စွာ ပြီးဆုံးနိုင်ရန် လိုအပ်သော အတည်ပြုခြင်းများကို အဆင့်ဆင့် ဖြတ်သန်းရပါသည်။ သဘောတူညီထားသည့်အတိုင်း ပြီးမြောက်သည်များကို Customer မှ အတည်ပြု လက်မှတ်ထိုးပေးပြီးမှ သက်ပြင်း ဟင်း…. ချနိုင်သည်။

သို့ရာတွင် ပြီးဆုံးပြီး ဆိုပြီး စိတ်ဒုံးဒုံးချကာ စိတ်လိုလက်ရ အပန်းဖြေ ခရီးထွက်၊ အနာယူလို့ မရသေးပါ။ ငှားရမ်းထားသည့် စက်ကိရိယာများ၊ အလုပ်သမားများ၊ ဘဏ် စာရင်းရှင်းတမ်း ပိတ်ခြင်းများ ပြီးဆုံးသည် အထိ ဆက်လက် လုပ်ဆောင် သွားရပါသည်။ သို့မဟုတ် လျှင် မလိုအပ်သော ကုန်ကျစရိတ်များ က မှန်းထားသော ပရော့ဂျက်၏ ဘတ်ဂျက်ကို ထိခိုက်နိုင်ပါသေးသည်။

ဤသည် မှာ စီမံခန့်ခွဲခြင်း နည်းပညာ Project Management ၏ အကြမ်းဖျင်း သဘောပင် ဖြစ်သည်။ ဤအရာများ၊ ထိုအရာများ ရှိသည်ဟု ပြောပြရုံပင်ဖြစ်သည်။ ကျယ်ပြန့်သော ပညာရပ် တစ်ခု ဖြစ်သည့် အားလျော်စွာ သေသေချာချာ စနစ်တကျနှင့် ချဉ်းကပ်လေ့လာစေချင်ပါသည်။ ပညာရပ်တစ်ခု ကို ချဉ်းကပ် လေ့လာတော့မည် ဆိုလျင်လည်း တဖြည်းဖြည်းနှင့် လေ့လာ တည်ဆောက်ယူရသည်။

ဝါးပင်တို့သည့် နုနယ်စဉ်က မျှစ်စို့ကလေးများ ဖြစ်ကာ ပျော့ပျော့ ဖတ်ဖတ် ကလေးများ ဖြစ်ကြသည်။ အလွယ်တကူ ချိုးဖဲ့၍ ကျေလွယ် ပျက်လွယ်သည်။ သို့ရာတွင် အချိန်ကာလ ကြာမြင့် လာသည်နှင့် အမျှ ကျစ်လစ် မာကျောသော ဝါးသဖွယ် အသွင်ပြောင်သွားကြသည်။

ထို့အတူ သိန်း စွန်ရဲတို့ မည်သည် ငှက်အပေါင်း၏ အမြင့်တွင်သာ ပျံဝဲကြသည်။ ငယ်စဉ် အခါက အခြားငှတ်များ လှောင်ပြောင် ရယ်မောကာ ကဲရဲ့ကြချိန်တွင် အသိုက်အိမ်၌ အားမွေး အရှိန်ယူကြသည်။ ဟော… အချိန်တန်ကာ ပျံမည့်ပျံတော့ ဟော..ဟို အမြင့်ဆုံးမှာ။

ကျွန်တော် တို့ မြန်မာပြည်မှ လူငယ်များ အောင်မြင် ကြီးပွား တိုးတက်ကြပါစေ။ တုတ်ခိုင်သော ပညာ ဝါးစိမ်းတုတ်များနှင့် ဘဝစက်ဝန်းကို ကျားကန် နိုင်ကြသလို့ သိန်း စွန်ရဲများကဲ့သို့ အများတကာတို့ အထက်၌ ဝဲပျံနိုင်ကြပါစေ။

အနန္တမေတ္တာဖြင့်
ဘကောင်း

Myanmar(Burmese) Names or Our Custom


About seven years ago, while I was spending a few days in Philadelphia and enjoying great hospitality of Professor Leonard Swindler, the distinguished Professor of Catholic Thought & Interreligious Dialogue at Temple University, I attended one of discussions with his graduate students. Once his students learned of my Burmese origin, the remainder of the discussion turned to Burmese culture, tradition, and finally names.

“Do you mean to say,” asked one of the scholars, “that you have no last name according to your father?” On my replying in the negative all the scholars, except the venerable professor, looked at me in astonishment, and in a question which I shall not easily forget, they asked “No last name??? How do you trace the root of your ancestors?” The question stunned me at that time. I could give no perfect answer, for the traditional custom I was so used to, without thinking too much about my family roots after my grandmother passed away when I was still a little boy.

A few years later, after witnessing different cultural practices around the world, I realized that the Burmese custom of naming is fairly unique. It symbolizes the combination of the particular virtue for a person and astrological calculation of the day of the week that the person was born based on Burmese lunar calendar year.

I was born at home on Saturday, at 10 in the morning. A few days later, acquainted astrologer of my mother from the village, made Zar Tar and inscribed my name, Tun Ba Kaung, on it. At least that is how I know the time I was born, according to my Zar Tar record. When I am educated enough able to understand the information written in Zar Tar, it becomes my precious treasure as possession of traditional value that belongs to me from my infancy.

Zar Tar is a stack of palm leaves smeared with residual oil and folded into a handy packet. It is an old-fashioned birth certificate, declare the name of newly born baby, usually prepare by monks and astrologers, by going through complex calculation of the location of stars, sun, and the date and time of the birth of new baby.
Zar Tar

The choices of name are of tremendously importance to the people of Myanmar. The name may represent the virtue of longevity, wealthiness, healthiness, the great love of dedication to admire one, the dream and hope of parents upon their child, the sign of magnificent and significant events, and so on. Some may even have great length of story behind their names.

The same practice, to certain extent, of giving name to the people applies the way of giving name to the places, nothing associate with Zar Tar preparation, but rather built monument, tombstone, or a symbol instead, historical information passed down generation to generation. We are only able to study the origin of a few surviving historical renowned-names, while the rest of the names of places remain mystery, and furthermore some are even twisted from the original meaning over the period of time.

Naturally, parents want to do everything the best for their child, begin with great care of choosing an appropriate name, putting their grand hope in the name of baby and in the faith upon their child becoming a decent person in the future. It is the faith that the meaning and syllable of given name have an effect upon the wheel of fortune to the owner of the name.

Sometimes people of surrounding could give some nick names to a person aside from given name. Generally, nick names are cadenced, rhythmic, sometime offensive to a person, a pet name might even be given by friends, but the phenomenon of calling a friend or to someone else by nick name is not a strange custom in Myanmar society.

Myanmar names could be chosen from various types of form; some choose only one single word name, and since four words names are no longer uncommon, but still two words or three words names are mostly preferable by typical Myanmar families. In general, one single word could be one syllable, but there are still a lot of outstanding single words composed into more than one syllable with beautiful meanings.
For example,
Single words with one syllable are Thant, Win,Tun,...etc.
Single words with two syllables are Nanda, Oakar, Ohmar,…etc.

Basically the first syllable represents the day of the week that the person was born. Therefore, one could easily find out which day of the week that the person was born just by knowing the name in majority.
For example,
The first syllable, Tun, of the name “Tun Ba Kaung” represents Saturday born.

There are 33 alphabets in Myanmar language. From astrological stand point of view, certain set of alphabets can be categorized into seven days of the week.

Myanmar Alphabets

The followings are the categorization of Myanmar alphabets with associated days of the week.
က, ခ, ဂ, င - Monday
စ, ဆ, ည - Tuesday
ယ, ရ, လ, ဝ - Wednesday
ပ, ဖ, ဘ, မ - Thursday
သ, ဟ - Friday
တ, ထ, ဒ, န - Saturday
အ, ဥ - Sunday

And each day of the week can be represented with Myanmar zodiac sign.
Monday born- Tiger

Tuesday born- Lion, Myanmar Mythical Creature


Wednesday born in the morning and afteronn - Elephant without a tusk
Wednesday born in the evening- Elephant with a tusk

Thursday born - Mouse

Friday born - Guinea Pig

Saturday born - Dragon, Myanmar Mythical Creature


Sunday born - Garuda Bird, Myanmar Mythical Creature, Ga Lone


A few words from Myanmar names
 Myanmar Names Meanings
 aye cool
 aung succeed
 hlaing plenty
 hla beautiful
 kyi clear
 khin friendly
 maung brother
 tun succeed
 win winning
 thant clean


Expression of respect is also a matter of utmost importance to address the name of Myanmar people. One can be addressed with an appropriate honorific salutation before the given name depends on the level of age, degree of relationship, and gender. It will be considered impolite way of calling someone’s name in a direct manner of speaking.

To address younger ones and peers before their names,
“Ko” is used as a masculine form.
“Ma” is used as a feminine and formal form.

“Maung” is used as a masculine formal form.

To address elder ones before their names,
“U” or “Oo” is used as a masculine and formal form.
“Daw” is used as a feminine and formal form.

It is likely one can be addressed formally with “U” or “Daw” before the given name after the age of 30.

The followings are the family term,
Brother – A Ko
Sister – Nyi Ma, Hna Ma (younger sister)
A Ma (older sister)
Uncle – Oo Lay (younger brother of Mother or Father)
Oo Gyi (older brother of Mother or Father)
Aunty – Daw Lay (younger sister of Mother or Father)
Daw Gyi (older sister of Mother or Father)
Grandfather – A Pho
Grandmother – A Phwar

But family terms are not limited to be used only for the family members. In Myanmar custom, calling to a stranger with an appropriate term of “brother”, “sister”, “uncle”,”aunty”,”grandfather”,”grandmother” is a common practice.

Myanmar women are, unlike other cultures in Western, traditionally granted a privilege, taking a pride of freedom in which they don’t have to change their names when they get married. It never happens into the consciousness of Myanmar people, as a matter of fact, that it is a necessary custom to follow.

Metta,
Maung Ba Kaung

နိုင်ငံခြားရောက် မြန်မာတို့၏ တစ်စေ့ တစ်စောင်း


ပြောချင်တာက ကျွန်ုပ်တို့ မြန်မာလူမျိုးတွေ နေရာဒေသ နိုင်ငံအသီးသီးမှာ ဘယ်လို ရုန်းကန်လှုပ်ရှားနေရသလဲဆိုတဲ့ အကြောင်းတွေပါ။ တကယ်တော့ ကျုပ်တို့ မြန်မာလူမျိုးများဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ စွန့်စွန့်စားစား အခြေချ ဝင်ရောက်နေ ထိုင်တတ်ကြတာ ဟိုယခင် ခရစ်သက္တရာဇ် ၁၈၀၀-ခုနစ် ဝန်းကျင် လောက်ကတည်းကပါ။ မလေးရှားနိုင်ငံဆိုရင် ရှေးမြန်မာတွေရဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိခဲ့တယ်။ အဲတုန်းက ကျုပ်တို့ မြန်မာတွေက ခေတ်စကားနဲ့ ပြောရရင်တော့ ဆရာကြီးတွေ ပေါ့။ မြန်မာတွေရဲ့ စီမံအုပ်ချုပ်ခန့်ခွဲမှု ပညာတွေ၊ ခေါင်းဆောင်မှုပညာတွေက တိုင်းတပါးမှာ လွင့်လွင့် ထွားထွား မော်ကြွားခဲ့ကြတယ်။ မျက်နာပွင့်ခဲ့တယ်။

မြန်မာနိုင်ငံ ဆိုရှယ်လစ် အစိုးရလက်ထက်မှာလည်း ကျုပ်တို့မြန်မာတွေ နိုင်ငံခြားကို ရွေ့ပြောင်းနေထိုင်ကြ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ သွားရောက်ရှာဖွေကြ၊ တစ်ချို့လည်း ပညာသင်ဖို့ ဆိုပြီး နိုင်ငံခြားသွားကြနဲ့ တဖြည်းဖြည်း တိုင်းပြည်ကို စွန့်ခွာသွားကြတာ ယနေ့ခေတ် အချိန် အခါဆိုယင် အမြင့် ဆုံးကို ရောက်နေပြီလို့ ပြောရမလို ဖြစ်နေပြီ။ လူတိုင်းလိုလိုက နိုင်ငံခြားဆိုရင် ကောင်းတယ်လို့ ယူဆတယ်။ ဒါဆိုယင် နိုင်ငံခြားမဟုတ်တဲ့ မြန်မာပြည်က မကောင်းဘူးလို့ စဉ်းစားစရာဖြစ်နေတယ်။ ဘာကြောင့်လဲ။

ငါးဆယ်ကျော် ခြောက်ဆယ် ရာခိုင်နူန်းလောက်က နိုင်ငံခြားကို သွားဖို့ အခွင့်အရေးသာရမယ်ဆိုရင် မဆိုင်းမတွ သွားဖို့ ဝန်မလေးဘူး။ ကျန်တဲ့ လူဦးရေက လည်း နိုင်ငံခြားဖြစ် ပစ္စည်းတွေ သုံးဆွဲနေရဆဲပဲ။ ပြီးတော့ နိုင်ငံခြားကလာတဲ့ ပစ္စည်းက ကောင်းတယ်လို့ ယုံကြည်နေကြတယ်။ နိုင်ငံခြား၊ နိုင်ငံခြားဆိုတဲ့ ဘာသာစကား က ကျုပ်တို့ မြန်မာတွေထဲကို တစ်စတစ်စ တအိအိနဲ့ ဝင်ရောက်လာနေတာ ယနေ့ခေတ်ဆိုရင် အထင်ကြီးစရာ၊ အာရုံစိုက် စရာတစ်ခုဖြစ်နေပြီ။

ယနေ့ခေတ် မြန်မာပြည်ကနေ နိုင်ငံခြားသွားဖို့ဆိုပြီး ကြိုးပမ်း အားထုပ်နေကြတဲ့ လူငယ်၊ လူကြီးတွေရဲ့ ရည်ရွက်ချက်၊ ရည်မှန်းချက်၊ ရုန်းကန် လှုပ်ရှားရတဲ့အခြေအနေတွေက အရင်ခေတ်တွေနဲ့ မတူတော့ဘူး။ ကျုပ်တို့ မြန်မာတွေက နိုင်ငံခြားတိုင်းပြည်တွေမှာ အောက်ခြေ အဆင့်တွေက ဝင်နေရတယ်။ “ဟာ ကျွန်တော်တို့က အောက်ခြေသိမ်း အလုပ် လုပ်တာမဟုတ်ဘူး။” လို့ တစ်ချို့ နိုင်ငံခြားရောက် မြန်မာတွေ ဆိုကောင်း ဆိုတတ်ကြလိမ့်မယ်။ ဒီလို မပြောပါနဲ့။ ကျုပ် အမြင်ကပ်လွန်းလို့ပါ။

အဲလို ပြောရင်တော့ လူနည်းစုကို အာရုံပြု အလေးထားတဲ့ အတွေးအခေါ်ယုံကြည်ချက် ရိုက်သွင်းခံထားရတဲ့ လူ့အဖွဲ့အစည်းထဲမှာ ခင်ဗျား ပါနေပြီ။ ပြင်လိုက်ပါ။ လူအများစု ကို အလေးပေး ဂရုစိုက်စေချင်ပါတယ်။ လူအများစုရဲ့ အကျိုး စီးပွားကို စဉ်းစားတဲ့ ဝါဒကို ဒီမိုကရေစီ ဝါဒလို့ ပြောမယ်ဆို ပြောလို့လည်း ရပါတယ်။ ခင်ဗျားအတွက် လွတ်လပ်ခွင့်တွေ ရှိလာလိမ့်မယ်။ ခင်ဗျား သားတွေ သမီးတွေရဲ့ အဆုံးစွန်း ဖန်တီးနိုင်ခွင့်တွေ၊ လုပ်နိုင်စွမ်း အခွင့်တွေ အတွက် လမ်းကြောင်းတွေ ပွင့်လာပါလိမ့်မယ်။

ကျုပ်တို့ မြန်မာ ပြည်မှာ လူဦးရေ ငါးဆယ့်ငါးသန်းကျော် ရှိတယ်။ လူတိုင်း တန်းတူ ညီမျှတဲ့ အခွင့်အရေး၊ လူနေမှု အဆင့်အတန်း မရှိသရွေ့ ခင်ဗျာ မှီတွယ် ယုံကြည်နေတဲ့ လူနည်းစုသာ ကောင်းစားရေးတိုင်းပြည် အုပ်ချုပ်ပုံ နည်းစနစ်တွေ ဟာ နည်းမှန် လမ်းမှန် မဟုတ်ဘူးလို့ ပြောရ ဆိုရလိမ့်မယ်။ ဒါဟာ ကွန်မြူနစ် စနစ်ကို အသက်သွင်းနေတာ မဟုတ်ဘူး။ မွဲသထက် မွဲ အဖန်တလဲလဲ ညစ်ထေး နွမ်းပါးပြီး ထမင်းကို နပ်မှန်အောင်မစားနိုင်သူတွေရဲ့ အကျိုးစီးပွားကို ပြောနေတာပါ။ နိုင်ငံခြားမှာ ခွေးလို၊ ဝက်လို အလုပ်တွေလုပ်၊ ပိုကောင်းတဲ့ ဘဝရပ်တည်မှုအတွက် ကိုယ့်ရဲ့ကာယ၊ ညာဏအားတွေကို တိုင်းတပါးနိုင်ငံတွေမှာ ပေးဆပ်နေရတယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း ဂုတ်သွေး အစုပ်ခံရဘူးသလို့။ အခုလည်း နွားတစ်ကောင်းလို ရုန်းကန်လှုပ်ရှားနေဆဲပဲ။

ငြိမ့်ငြိမ့်ငြောငြော မနက်ခင်းလေးမှာ မန္တလေးမုန့်တီ၊ ပဲပလာတာစား၊ စာပေးစီစစ်ရေးတွေ မရှိ၊ ကိုယ် ထင်မြင် ယူဆချက်တွေ လွတ်လွတ်လပ်လပ် ဖေါ်ထုပ်ရေးသားနိုင်ခွင့်ရှိတဲ့ မြန်မာပြည်ကို မျှော်လင့်နေ၏။ အထွတ်အထိပ်ရောက်ခဲ့သည် အတတ်ပညာများသည် မြန်မာပြည်အတွက်၊ ဖြူစင်သူများအတွက်သာ ဖြစ်စေမည်။ ဘယ်နဲ့.. ကဗျာ တစ်ပုဒ်ရေးလို့ ထောင်ခုနစ် ကျရတယ်ဆိုတဲ့ အထက်တန်းကျောင်သားတစ်ယောက် အဖြစ်ဟာ စဉ်းစားတွေးခေါ် လက်ခံနိုင်ဖို့ အဓိပ္ပာယ် ဘောင်ထဲကနေ ကျော်ထွက်သွားခဲ့ပြီလေ။ ဒီလို အုပ်ချုပ်ပုံနဲ့ ဥပဒေ ဥပဒတွေအောက်မှာ ဘာကြောင့် ဆက်လက် ရှင်သန်နေကြရမှာလဲ။ အားလုံး တော်လှန် ဆန့်ကျင်ကြရမှာပေါ့။

မြန်မာလူမျိုး တစ်ယောက် နိုင်ငံရပ်ခြားမှာ အလုပ်တွေ လုပ်နေရပြီဆိုရင် သူ ဘာကြောင့် ဒါတွေ လုပ်နေရတာလဲ။ မြန်မာပြည်မှာ ဘာကြောင့် မလုပ်တာလဲ အစရှိသဖြင့်ပေါ့။ ရင့်ကျက်တဲ့ အသိညာဏ်ရှိတဲ့ မြန်မာတွေ၊ ခေါင်းဆောင်တွေက သေသေခြာခြာ ဝေဖန်သုံးသပ်ကြည့်ရမယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘယ်လို ကူညီစောင့်ရှောက်ရမလဲ။ လူတစ်ယောက်ရဲ့ အချိန်တွေ၊ ခွန်အားတွေ၊ အသိညာဏ်တွေဟာ ကိုယ်မွေးဖွားကြီးပြင်လာတဲ့ ပတ်ဝန်းကျင်၊ တိုင်းပြည် အတွက် မဟုတ်ပဲ အခြားတိုင်းပြည်တွေမှာ ပေးဆပ်နေရတာ ရင်နာဖို့ ကောင်းလွန်းလှတယ်။

ကျွနု်ပ်တို့ တတွေ အသက် တစ်ဆယ်ရှစ်နှစ်၊ နှစ်ဆယ်ကျော်လာပြီးနောက်၊ တစ်ချို့ တက္ကသိုလ်ကျောင်းပြီးတဲ့ ပညာတတ်လူငယ်တွေ၊ ကောင်းရောင်းကောင်းဝယ် လုပ်စားလို့ နောက်ဆုံး စီးပွားရေး ကျပ်တည်းမက ကျပ်တည်းလာတဲ့ ပြည်သူပြည်သားတွေဟာ နိုင်ငံခြားသွားဖို့ပဲ ကြိုးစားနေကြတယ်။ ကျွန်ုပ်ကိုယ်တိုင်လည်း အများထဲက တစ်ယောက်အပါအဝင် ဖြစ်ခဲ့တယ်။ကျုပ်တို့ တိုင်းပြည်ကြီး ဘယ်လိုလုပ်ကြမလဲ။

မြန်မာပြည်၏ လက်ရှိအခြေအနေ၊ စစ်အုပ်ချုပ်ရေး အခြေအနေများကို လူတိုင်း အလျင်းသင့်သလို့ ပြောဆိုကြ၊ ငြင်းခုန်ဆွေးနွေးကြသည်။ ကြာတော့ ကျွနု်ပ်ကိုယ်တိုင် ငြီးငွေ့ပြီး ထိုကဲ့သို့ စကားဝိုင်းများ၊ စကားစများကို စောင့်ကြည့်ခြင်းဖြင့်သာ အဆုံးသပ်ခဲ့ရသည်။ နောက်ဆုံး ဘာကို ကောက်ချက် ချမိသလဲဆိုလျင် တိကျသော ယုံကြည်ချက်၊ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ခေါင်းဆောင်ကောင်းများ လိုအပ်နေသလို၊ စည်းစနစ်ကျနသော နောက်လိုက်ကောင်းများ မွေးထုပ်ဖို့ လိုအပ်နေသည်။ နောင် ငါးနှစ်၊ ဆယ်နှစ် စစ်အုပ်ချုပ်ရေး ယန္တားရားကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် မျိုးဆက်သစ်များ၊ ခေါင်းဆောင်ကောင်းများ သွေးသစ်လောင်း မွေးထုပ်ရပေလိမ့်မည်။

ကျုပ်တို့ မြန်မာလူမျိုးများ မကောင်းကြောင်း မြန်မာ အချင်းချင်းက ဝေဖန်လျင်ပင် ကျွန်ုပ် အလွန် အမြင်ကပ်သည်။ ဖားကြီးတစ်ကောင်လို့ မြန်မာတွေ မကောင်းကြောင်း၊ မြန်မာအသင်းအဖွဲ့တွေ မကောင်းကြောင်း ဝေဖန်လျက်၊ စကားကြီး စကားကျယ်များ ရှောက်ပြောနေတာထက်စာလျင် နိုင်ငံရေး အသိအမြင် ပညာရပ်များ လေ့လာကာ နိုင်ငံရေး နည်းပရိယာယ်ကျွယ်ဝသော လူတော်များ မွေးထုတ်ဖို့ လိုအပ်ပေလိမ့်မည်။

ကျွနု်ပ် ယုံကြည်ချက်မှာ မကောင်းသည့် အရာကို မကောင်းဘူးဟု လက်ညိုးထို့ ညွှန်းပြနေတာထက် စာလျင် မကောင်းသည်ကို ကောင်းအောင် မည်ကဲ့သို့ အုပ်ချုပ်မှု နည်းပိရိယာယ်ဖြင့် ချဉ်ကပ်မည်နည်းဟု လေ့လာခြင်းက ပိုမို ထိရောက်ပေလိမ့်မည်။

တစ်ချို့ ပြောသံကြားဖူးပါသည်။ မြန်မာပြည် ကောင်းချင်လျင် ငါးနှစ်အထက် လူများအား အကုန် သတ်ပစ်လိုက်လျှင် ကောင်းသွားမည်ဟု ပြောသည်။ ထိုစကား အတိုင်းအတာသည် လူကို ပြုပြင် ပြောင်းလဲဖြစ်ဖို့ မဖြစ်နိုင်တော့ဘူးဟု ဆိုသလိုပင်။ ကျွနု်ပ် ထိုကဲ့သို့သော စကားကို လက်မခံပါ။ တကယ်တော့ အုပ်ချုပ်မှု နည်းပညာများနှင့် ခေါင်းဆောင်ကောင်းတို့၏ မူသည် လူကို ထိမ်းကွပ် လမ်းကြောင်း ပေးလို့ရပါသည်။ မြန်မာပြည်အတွက် မျှော်လင့်ချက်၊ ယုံကြည်ချက်များ မွေးထားစေချင်ပါသည်။

ကျုပ်တို့ မြန်မာပြည်အတွက် ထူးချွန်ထက်မြက်တဲ့ နောင် အနာဂတ် ခေါင်းဆောင်တွေ အများကြီထွက်ခဲ့ပါ၏။ သို့ပေသည့် မြန်မာပြည် စစ်အစိုးရ၏ ပြောင်မြောက်သော နှိပ်ကွတ်မှုများက လူတော်ပေါင်း မြောက်မြားစွား ဆုံးရှုံးစေခဲ့ရသည်။ နောင် ထွက်လာမည့် လူူတော်မျိုးဆက်သစ်များကိုလည်း နိုင်ငံရပ်ခြားများမှ တဆင့် မွေးထုပ်ပေးရမည် ဆိုလျှင် ကျွနု်ပ် သိသလောက် အများစုသည် သွေးအေးသွားကြလေသည်။ သူရို့၏ အသိညာဏ် ဦးနှောက်များကို ဖျစ်ညစ်၍ မြန်မာပြည်အရေးများကို ပြောကြ။ ဆိုကြ။ ဟောပြောကြပါသည်။ သို့ရာတွင် ကျွန်ုပ်သိသလောက် သူရို့ ဘာပြောကြမည်ကို ကြိုတင် ခန့်မှန်းလို့ ရနေပါသည်။ ဘောင်တစ်ခုတည်းမှ ရုန်းထွက်မှုများ မရှိကြသေးပါ။

မြန်မာပြည် လူထုအင်အားကို အားကိုးသည် ဆိုသော နိုင်ငံရေး သမား အချို့သည် နိုင်ငံခြားမှ အကူအညီများ ရလိုရငြား မျှော်လင့် နေကြပြန်သည်။ သူရို့၏ ယုံကြည်ချက်များသည် အခြေအနေနှင့် အချိန်အခါကို လိုက်၍ တိန်းဖယ် သွားကြသည်။

ကျွနု်ပ် ဂျပန်ပြည်တွင် နေထိုင်စဉ် ကာလများ၌ လေ့လာမိသည်မှာ မြန်မာပြည်အတွက် လှုပ်ရှားနေကြသော နိုင်ငံရေး အင်းအားစုများ ပုဂ္ဂိုလ်ရေး မညီညွှတ်မှုများကြောင့် အုပ်စုကွဲထွက်ကုန်သည်။ ထိုအတူ အမေရိကန်နိုင်ငံတွင်လည်း နိုင်ငံရေး အင်းအားစုများ မညီညွှတ်ကြ။ သံဃာအပေါင်းသည်လည်း ဂိုဏ်းကွဲကြပြန်သည်။ ပီနန်ဘုန်းကြီး အမိန့်ရှိခဲ့သလို အမိမဲ့ သားများ ဖြစ်ခဲ့ကြသည်။

ဂျပန်ပြည်ရှိ မြန်မာလူမျိုးများ၏ အခြေအနေကို သိရှိရန် ကျွန်၏ ဂျပန်ပြည်မှ ဖိုဂေါင်းများ တွင် အကြမ်းဖျင်းဖော်ပြခဲ့ဘူးပါသည်။ ယခုတဖန် ကျွနု်ပ် ကိုးရီးယားနိုင်ငံသို့ ရောင်တောင်ပေါင်တောင်နှင့် ရောက်သွားခိုက် လေ့လာမိသမျှ မြန်မာတို့၏ အခြေအနေကို ဖေါ်ပြအံ့။ ကိုရီးယားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ တော်တော်များများကို မြန်မာများအတွက် အထူးတလည် ပြန်ပြောနေစရာ လိုမည်မထင်။ ယနေ့အချိန်သည် ကိုရီးယားရုပ်ရှင်ကားများ မြန်မာပရိသတ်အတွက် ညို့ငင်ဖမ်းစားနေသည့် အချိန်ကာလများလည်းဖြစ်လေသည်။ သူရို့၏ ယဉ်ကျေးမှုသည် မြန်မာတို့အတွက် အထူးတလည်း အံ့သြစရာဖြစ်တော့မည် မထင်အံ့။

မြန်မာပြည်တွင်းရှိ မြန်မာများ မသိသေးသည့် အချက်မှာ ကိုရီးယားရောက် မြန်မာအများစုသည် စက်ရုံ အလုပ်ရုံများတွင် ဝင်ရောက် လုပ်ကိုင် နေကြရသည်ဆိုသည့် ဘဝများပင်ဖြစ်သည်။ အများစုသည် သင်္ဘောပေါ်မှ ခုန်ချ ထွက်ပြေးကာ ကိုးရီးယား နိုင်ငံတွင် တရားမဝင် ဝင်ရောက် နေထိုင် အလုပ် လုပ်နေကြသူများဖြစ်သည်။

ကိုရီယားများ ခွေးသားစားသည်ဟု လေ့လာမိသော ကျွနု်ပ်အတွက် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခွေးသားရောင်းသော ဆိုင် လိုက်ရှာခဲ့သေးသည်။ ရှာမတွေ့ခဲ့ချေ။ ကူညီလိုက်ပို့ပေးသော ကိုရီယားမှ နယ်ခံ ကိုရီသားနိုင်ငံသား မိတ်ဆွေသည်ပင်လျင် ခွေးသားရောင်းသော ဆိုင် ဘယ်မှာ ရှိသည်ကို မသိခဲ့ချေ။ အလွန်အေးသော နယ်များတွင်သာ စားလေ့ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ကိုးရီးယားလူမျိုးများ ခွေးသားစားသည် ဟူသော ကျွနု်ပ်၏ အမြင် ပျောက်ခဲ့ရသည်။

ခွေးဆိုသည်နှင့် ပတ်သက် ၍ ဂျန်ပန်ရှိ မြန်မာများကတော့ မြန်မာအချင်းချင်း ရွှေ ဟုခေါ်ကာ ဂျပန်များကို ခွေး ဟုခေါ်ကြသည်။ ကိုယ်နိုင်ရာကို ကွယ်ရာတွင် နှိပ်ကြသည့် ကျုပ်တို့ မြန်မာတို့၏ အထာများပင် ဖြစ်သည်။ မြန်မာမိတ်ဆွေ တစ်ချို့ရှိသည့် အိခဲဘူခူရု မှ ဂျပန်စားသောက်ဆိုင် တွင် ကျွနု်ပ်သည် ညစဉ် ဆာကေးအရက်ပူပူ ကို သောက်ကာ လတ်ဆတ်သော ဂျပန်ငါးအစိမ်းကို စားသောက်လေ့ရှိသည်။ ထိုစားသောက်ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာလူငယ် တစ်ယောက်သည် ဂျပန်မများ ဆိုင်တွင်းသို့ လာရောက် စားသောက်လျင် “အသည်းလေး၊ အချစ်ကလေး ဘာစားမလဲ” ဟု မြန်မာလို အော်ဟစ် နုတ်ဆက်ကာ နုတ်အရသာ ခံလျက် အသားယူလေ့ရှိသည်။ မြန်မာစကားနားမလည်သော ဂျပန်မများ ခံပေရော့။

ကိုရီးယားရှိ မြန်မာ အများစုသည် အုပ်စုလိုက် စက်ရုံများတွင်သာ နေထိုင် အလုပ်လုပ်ကြရသည်။ဂျပန်တွင် မြန်မာအများစုသည် စားသောက်ဆိုင်တွင် အလုပ်လုပ်ကြသလို ကိုရီးယားတွင် မြန်မာများ စက်ရုံများ၌ အလုပ်လုပ်ကြရသည်။ ဂျပန်နိုင်ငံတွင် ဂျပန်စကားတတ်မှ လူများအတွင်း ထိုးဖောက် ဆက်သွယ်လို့ ရသလို ကိုရီးယား နိုင်ငံတွင်လည်း ကိုရီးယား ဘာသာစကားတတ်မှ လူများအတွင်းသို့ ထဲထဲဝင်ဝင် ဝင်ရောက်ပြောဆို ချဉ်းကပ်နိုင်ပေမည်။ အင်္ဂလိပ်စကားထက် ပြည်တွင်းသုံးဘာသာစကားသည် ပိုမိုပြီး အသုံးဝင် အရေးကြီးလှသည်။

အလုပ်အမား တန်းလျားတွင် နေလျက် အလုပ်လုပ်ကြရသော ကိုရီးယားရောက် မြန်မာ အလုပ်အမားများ၏ ဘဝတေးများသည်လည်း မချိုလှချေ။ ခွဲတန်းနှင့် ကျွေးသော ထမင်းကို စားလျက် ဟောခန်းကြီးထဲတွင် တန်းစီအိပ်ကြရသည်။

ကိုရီးယား၏ ငွေးကြေးနှုန်းထားသည် မြန်မာပြည် လက်ရှိ ငွေကြေးနှုန်းထားနှင့် သိပ်ပြီး မကွာလှချေ။ ထို့ပြင် ကိုရီးယား ငွေကြေး ဝမ် သည် ဂျပန် ငွေကြေး ယန်းနှင့် ဆယ်ဆမျှ ကွားခြားသောကြောင့် ဂျပန်မှ ကိုရီးယားသို့ သွားရောက်လျှင် အလွန် ဈေးချိုသည်ဟု ခံစားရပေလိမ့်မည်။

၂၀၀၆-ခုနှစ် နောက်ပိုင်း ဂျပန်နိုင်ငံ၌ အိုဗာစတေးနေသူများ အဖမ်းခံရပါက နိုင်ငံရေးလုပ်မည်ဟု ဝန်ခံချက်ဖြင့် ယာယီနေထိုင်ခွင့်များ ထုပ်ပေးလျက်ရှိနေသည်။ မလေးရှားနိုင်ငံတွင် အိုဗာစတေးနေသူများ ရင်ဂစ် ၅၀ ကို စာအိပ်ထဲတွင် အသင့်ဆောင်ထားလျက် ရဲဖမ်းပါက ပေးလိုက်လျင် ရဲများက ပြန်လွှတ်ပေးသည်။ ၅၀ ထက် လျော့နည်းပါက နောက်တစ်နေ့တွင် ထပ်လာဖမ်းလေ့ရှိသည်။ သို့ရာတွင် ကိုရီးယားနိုင်ငံတွင် မြန်မာ အိုဗာစတေး နေသူများ အတွက် မြန်မာနိုင်ငံပြန်ရသည်မှ လွဲ ၍ အခြားရွေးစရာ လမ်းသိပ်မရှိပါ။ အသိ တစ်ယောက် ကိုရီးယားမှ ဂျပန်သို့ သင်္ဘောဖြင့် ခိုးဝင်ရောက်လာခဲ့သည်။ အမေရိကန် နိုင်ငံနှင့် အခြား ဥရောပနိုင်ငံများတွင်တော့ နိုင်ငံရေးခိုလှုံခွင့်ရကြသည်။

အမေရိကန် နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် ဝင်ရောက် လာကြသော မြန်မာ မိသားစုများအပေါ် အစစအရာရာ တာဝန်ယူခွင့် အမေရိကန် အစိုးရ အပေါ် လျှောက်ထားသော အမေရိကန် မိသားစုများ ရှိပါသည်။ သို့ရာတွင် အမေရိကန် မိသားစုများ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် အတူတူနေကြသော မြန်မာ မိသားစုတို့သည် နောင်တွင် ထိုအမေရိကန် မိသားစုများနှင့်ပင် ပြဿနာများ ဖြစ်လျက် အိမ်ပေါ်မှ ဆင်းကာ လမ်းခွဲထွက်သွားကြသည်ကို ကြားရသည်။

ဂျပန်နိုင်ငံတွင်လည်း ဂျပန်တို့သည် ဘာသာတရားမရှိ၊ အရိုင်းအစိုင်းများ၊ ဟန်ဆောင် ဆက်ဆံတတ်ကြသည့် လူမျိုးများ ဖြစ်သည်ဟု ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်းတွင် ရေရွတ်မြည်တမ်းကြသည်။

အခြားနိုင်ငံများ ထက် စာလျင် အရှေ့တောင် အာရှနိုင်ငံများတွင်တော့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုကွာခြားခြင်း (Culture Gap) က သိပ်မကြီးပေ။ သို့ရာတွင် ယဉ်ကျေးမှုကွာခြားခြင်းကို ရုတ်တရက် တွေ့မြင်ရသူ (Culture Shock) နိုင်ငံခြားရောက် မြန်မာ များအတွက် အခြားတိုင်းပြည်တို့၏ ယဉ်ကျေးမှုကို ကြိုးစား နားလည်ဖို့ လိုအပ်ပြန်ပေသည်။ ရောမရောက် လျင် ရောမလို ကျင့်စရာ မလို။ ချီးကျရာ ပျော်အောင် နေတတ်ဖို့သာ လိုပေသည်။

ဤသည်မှာ ယဉ်ကျေးမှု ကွာခြားခြင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုး ရလဒ်များ ဖြစ်သည်။ ထိုကဲ့သို့ သော မလိုလားအပ်သည့် ပြဿနာများ မဖြစ်စေရန် နိုင်ငံခြားရောက် မြန်မာတို့သည် တိုင်တပါးတို့၏ ယဉ်ကျေးမှုကို လေ့လာ သိရှိ နားလည် ထားဖို့လည်း လိုအပ်သည်။

ထိုကဲ့သို သော အခြေအနေများထဲမှ ထိုင်းနိုင်ငံ နယ်စပ်နှင့် မလေးရှားနိုင်ငံသို့ ခိုးဝင်ရောက်လာနေကြရသော ရွှေ့ပြောင်နေထိုင်ကြရသည့် မြန်မာ အလုပ်သမားများ၏ အခြေအနေသည် အဆိုးရွားဆုံး ဖြစ်လိမ့်မည်ဟု ကျွနု်ပ်ထင်သည်။ လူ့အခွင့်အရေး ကာကွယ်ပေးချက်၊ ကျန်းမာရေး၊ ပညာရေး လေ့လာနိုင်မှု မရှိခြင်း၊ နောင် အနာဂတ်အတွက် ခိုင်မာသောမိသားစု ဘဝအာမခံချက် များ မရှိခြင်း စသည်တို့သည် လက်ရှိ ကျွနု်ပ်တို့ နိုင်ငံခြားရောက် မြန်မာအများစုအတွက် ပြဿနာများ ဖြစ်သည်။

ကျွနု်ပ် လူတော်တော်များများ တွေ့ဖူး၊ ကြားဖူး၊ မြင်ဖူးခဲ့ပါသည်။ တစ်ချို့သည် လက်ရှိ မြန်မာနိုင်ငံ စစ်အစိုးရ ကောင်းသည် ဟု ထောက်ခံသည်။ အဘယ်ကြောင့် ဆိုသော် သူရို့၏ စားဝတ်နေရေးသည် ဖူးလုံလျက်၊ စစ်အစိုးရ အပေါ် အမှီသဟဲပြုကာ စီးပွားရေး ကောင်းနေသောကြောင့် ဖြစ်သည်။ သူရို့သည် လူထောင်၊ သောင်းပေါင်းများစွာတို့၏ ငတ်မွတ်မှုကြောင့် ငိုရှိုက်သံ၊ ငြီးတွားငိုးကြွေးသံ၊ စစ်အစိုးရ၏ ယှဉ်းပန်းနှိတ်စက်မှုတို့ကြောင့် မိမိတို့သားသမီး ဆုံးရှုံးရသော မိဘမျက်ရည်များ၊ အနာဂတ်မဲ့ ကလေးသူငယ်တို့အား လျစ်လျူပြုနေသူများ ဖြစ်နေကြသည်။ တနည်းအားဖြင့် ဘာသာရေးကို အရေခြုံ တစ်ကိုယ်ကောင်း သမားများ ဖြစ်ကြသည်။

ဖြူစင်သူများ တိမ်းပါး လွင့်စင် နွမ်းပါးကြရသည့် ဤလောက ဘဝပတ်ဝန်းကျင်တွင် တွန်းထိုး ရုန်းကန် တော်လှန်ဆန့်ကျင်ခြင်းသည်သာ ထွက်ရပ်မှန် လမ်းကြောင်း တစ်ခု ဖြစ်ချေလိမ့်မည်။


ငါတို့ဟာ လူငယ်တွေဖြစ်တယ်။
ဒါပေမယ့် ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက် မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေ မဟုတ်ဖူး။
ငါတို့မှာ ယုံကြည်ချက်ဆိုတာ ရှိတယ်။
ငါတို့မှာ မျှော်လင့်ချက်ဆိုတာလဲ ရှိတယ်။
ငါတို့မှာ အားမာန်နဲ့ သတ္တိလဲ ရှိတယ်။

ငါတို့တတွေဟာ
အားမာန် ကို အားမာန်ချင်း
သတ္တိ ကို သတ္တိချင်း
ယုံကြည်ချက် ကို ယုံကြည်ချက်ချင်း
မျှော်လင့်ချက် ကို မျှော်လင့်ချက်ချင်း
အားပြိုင် တိုက်ခိုက်ကြရလိမ့်မယ်။
(မှတ်ထားခဲ့မိသော စာစု တစ်ခု။)

ဒါသည် ကျုပ်တို့ မြန်မာတွေ၏ လတ်တလော အခြေအနေ အပေါ်ယံ သုံးသပ်စရာဖြစ်သည်။ မည်သို့ပင် ဆိုစေ ကျွနု်ပ်တို့ မြန်မာများ ဘယ်ရောက်ရောက် သတ္တိသွေးများ ပစ်ခဲနေလျက် နိုင်ငံကြီးသား ပီသနေကြဖို့လိုသည်။ လိုအပ်သည့် အသိညာဏ်ပညာ ခွန်အား လက်နက်များ သွေးလျက် ရှိကြရမည်။

အနန္တမေတ္တာဖြင့်
ဘကောင်း