ထုံးကုံးသူကို ပြောပေးပါ (၁)


သူ၏ ရင်ဘတ်ကြီးတစ်ခုလုံး တင်းကျပ်နေသည်။ နှာခေါင်းဝမှ တမျှင်ခြင်း ရှုသွင်းနေရသော အောက်ဆီဂျင်တို့သည် ရှုသွင်းလိုက်တိုင်း ရင်ဘတ်ထဲသို့ ဝင်လာသည်မရှိ။ လည်ချောင်ဝတွင် တစ်ခုခုပိတ်ဆို့နေသည်ဟု ခံစားရသည်။ တဖြည်းဖြည်း အသက်ရှုရ ကျပ်လာသည်။ နှာခေါင်းဖြင့် အသက်ရှုရတာ အားမရတော့ ပါးစပ်ပါ ဟပြီး ဖုတ်လိုက်ဖုတ်လိုက် အသက်ရှုရသည်။ ဒီတော့မှ အရင်တုန်းက မသိလိုက် မသိဘာသာ အလိုလို ရှုသွင်နေရသော လေတို့သည် သူ၏ခန္ဓာကိုယ်အတွက် အဘယ်မျှ အဖိုးတန်ကြောင်း သိလာရသည်။ ဤလေကိုမှ မရှုရှိုက်ရလျှင် သူသေရတော့သည်။ ထိုဇောဖြင့် နှာခေါင်းရော၊ ပါးစပ်ပါ သုံးလျက် အငမ်းမရ ရှုသွင်းရသည်။ ထိုဇောအဟုန်ကြောင့်လား မသိ ချွေးသီးချွေးပေါက်တို့ တစိမ့်စိမ့် ထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးလည်း စိုစွတ်လာသည်။ ရင်ဘတ်တစ်ခုလုံး တစ်စတစ်စ ဖိသိပ်ကျပ်တည်းလာရာမှာ ခြေတွေ၊လက်တွေပါ တုတ်နှောင်ခံထားရသလို ခံစားလာရသည်။ ပိုပြီး သေချာသွားစေရာ လက်ကို မြှောက်ကြည့်သည်။ မရ။ တဖန် ဘယ်ခြေရော၊ ညာခြေရော တလှည့်စီ လှုပ်ကြည့်ပြန်သည်။ ထူးဆန်စွာပင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လို့ မရတော့။ ဒီလို ကိုယ့်ခန္ဓာကိုယ်မှ ခြေတွေ လက်တွေ လှုပ်လို့ မရတော့ဘူးဆိုတာ တစ်ခါမှ မကြုံဖူးချေ။ အခုလို ကြုံလိုက်တော့ ကြောက်ရွံ့သွားသည်။ အသိစိတ်က လှုပ်ရှားရန် ကြိုးစားပါလျက်နဲ့ လှုပ်ရှားလို့ မရတော့သော အဖြစ်ကို မနေတတ်ချေ။ ပတ်ဝန်းကျင်ကို တော့ သူမြင်နေရသည်။ ရာသီဥတုကလည်း ခြောက်သွေ့လွန်းလှသည်ဟု ခံစားရသည်။ သို့မဟုတ် သူ့၏ စိတ်ဇောဖြင့် ခန္ဓာကိုယ်က အပူချိန်တွေ တက်နေသလား မသိ။ အလင်းရောင်တို့ဖြင့် တောက်ပနေသော ပတ်ဝန်ကျင်တွင် သူ ရပ်နေသလား၊ ထိုင်နေသလား၊ လှဲနေသလား ကိုယ့် အဖြစ်ကို ကိုယ်မသိချေ။ သူ၏ သဏ္ဍာန်ရုပ် ဖြစ်တည် နေမှုကို သာ အာရုံကသိထားသည်။ ပတ်ဝန်ကျင်ကို ဝေဖန်သုံးသပ်ဖို့ထက် အသက်ဝဝလင်လင် ရှုရှိုက်ရဖို့အတွက် ကြိုးစားပြီး အသက်ရှုသွင်းနေရသည်။ သူ့တွင် ခန္ဓာ နှင့် စိတ်အာရုံ နှစ်မျိုး ဒွန်တွဲလျက် ရှိနေတာကိုတော့ သိနေသည်။ ဒါပေမယ့် သူ့၏ ခန္ဓာကိုယ် လှုပ်ရှားလို့ မရတော့သောအခါ စိတ်တွင်အနှောက် အယှက်ဖြစ်ရသည်။ တဖန် ဖိသိပ် တင်းကျပ်လာသည့် ဝေဒနာကလည်း တစ်စတစ်စ ထုထည်ကြီးမား လာသည်။ အလွန်တစ်ရာ လေးလံသော အရာတစ်ခု သူ၏ ရင်ထဲအပေါ်မှ ဖိသိပ်နေသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်သည် အတုပ်အနှောင်ဖြင့် မွန်းကြပ်ခြင်း ဖြစ်လာတော့ အတုပ်အနှောက် မခံရသည့် အသံဖြင့် ဟစ်အော်ရန် ကြိုးစားသည်။ သူ၏ အသံတို့ လည်ချောင်းဝတွင် ပျောက်ကွယ် ကုန်ကြသည်။ သူ အရမ်းတုန်လှုပ်သွားသည်။ ထပ်မံပြီး ပိုမို ကျယ်လောင်သော အသံဖြင့် အော်ကြည့်ပြန်သည်။ ဘာအသံမှ ထွက်မလာတော့။ သူ့တွင်လွယ်လပ်သည့် အရာ ဘာတစ်ခုမျှ မရှိတော့ကြောင်း သိလာရသည်။ ဒီတော့မှာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လွတ်လပ်စွာ ဝှေ့ရမ်းနေသည့် လေပြည်တွေက သူ့ကို လှောင်ပြောင် နေသလိုပင်။ ဘယ်နယ့်ကြောင့် သူဒီလို အဖြစ်မျိုး ကြုံဆုံရသည်ကို မသိတော့ချေ။ အရာရာကို ဝေဖန်သုံးသပ်နိုင်စွမ်း လောလောဆယ် သူတွင် မရှိသေးချေ။ သူ၏ လက်ရှိပစ္စုပ္ပန် အခြေအနေ ဖြစ်တည်မှုကိုသာ အာရုံစူးစိုက်နေရသည်။

ရုတ်တရက် ..”သူခိုး…သူခိုး…” ဆိုသည့် အသံများ လွင့်ပျံ ထွက်ပေါ်လာသည်။ ထိုအသံတို့ ဘယ်ကလာတာလဲ။ သူ၏ သောတအာရုံတွင် အသံများက ပဲ့တင်ရိုက်ခတ် နေသလိုပင်။ ထို့နောက် ထိုဟစ်အော်သံတို့သည် တစ်ဖြည်းဖြည်းနှင့် နီးကပ်လာသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ လူအုပ်စု တစ်စု သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးလာနေကြသည်။ သူ့စိတ်အာရုံက လှုံဆော်ချက်ကြောင့် ထိုလူအုပ်စုက “သူခိုး…သူခိုး..”ဟု အော်နေကြသည်မှာ သူ့ကို အော်နေမှန်း သိလိုက်ရသည်။ စုစုစည်းစည်း ညီညီညာညာဖြင့် စုရုံး ဟစ်အော်ကာ အရှိန်ဖြင့် ပြိုဆင်းကျလာသော လူအုပ်ကြီးကို သူဘယ်လို တာဆီးရမလဲ။ ခက်တာက ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ရှားလို့မရ။ ခြေရော၊ လက်ပါ ကန်ကျောက်လျက် ပြေးရန် ကြိုးစားကြည့်သည်။ အချည်း အနှီးပင်။ အသံဖြစ် အော်ကာ တားဆီးရန် ကြိုးစားကြည့်ပြန်သည်။ သူ့၏ အသံတို့ ပျောက်ကွယ် ကုန်သည်။

ဤသို့ဖြင့် ထိုလူအုပ်ကြီး သူ့ အပေါ် အုပ်မိုး ကျဆင်းလာတော့မှ သူ့၏ခန္ဓာကိုယ် တစ်ခုလုံး ဖြတ်ကနဲ လျှပ်စစ်ဖြင့် တို့ထိလိုက်သလို အကြော အချင်များ ဆွဲဆန့်တက်လာသည်။ လည်ချောင်းဝတွင် ပိတ်ဆို့နေသည့် အဆိုင်အခဲတို့ တမုတ်ခြင်း လွင့်ပျယ် ကွယ်ပျောက်သွားသည်။ ဒီတော့မှ အသက်ကို ဝဝလင်လင် ရှုရှိုက်လို့ ရလာသည်။ အဆုပ်ထဲသို့ အစုလိုက် အပြုံလိုက် တိုးဝင်လာသော လေတို့ကို တစ်ဝကြီး ရှုသွင်းလိုက် လျက် ဘေးဘီ ဝဲယာကို ကြည့်လိုက်သည်။ သူသည် အိပ်မက် တစ်ခုမှ နိုးထလွန်မြောက်လာကြောင်း သိလာရသည်။ ဖျာကြမ်းခင်းထားသော အိပ်ရာထက်တွင် အသာအယာ ထိုင်လျက် အိပ်မက်ကို ပြန်လည် အသက်သွင်းကြည့်မိသည်။ အိပ်မက်ထဲတွင် ပတ်ဝန်းကျင်သည် အလင်ရောင်ဖြင့် လင်းထင်းနေသလောက် အပြင်လောကတွင် အရာရာသည် အမှောက်ထုဖုံးလွှမ်း၍ နေသည်။ ပြူတင်းပေါက်တံခါး ကို ကာထားသော အဖြူရောင်ပိတ်စ အခန်းစီးစ သည် လွှင့်ပျံနေတာ တွေ့တော့မှ ညဉ့်လေစိုင်တို့ ရှိနေမှန် သိတော့သည်။ သို့ရာတွင် နွေရာသီ ညဉ့်နက်သန်းခေါင်၏ လေစိုင်သည် ပူစပ်ပူလောင်နှင့် ခြောက်ခြောက်သွေ့သွေ့ရှိလွန်းလှသည်။ ပြူတင်းပေါက်မှ သာသာညင်းညင််း တိုးဝင်နေသော ထိုလေစိုင်တို့သည် သူ၏ အိပ်ခန်းကို ပိုမိုခြောက်သွေ့စေသည်ဟု ခံစားရသည်။ ပြူတင်းပေါက်မှ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လမင်းသည် လင်းလက်ဆဲ။ သူသည် ညဉ့်နက် သန်းခေါင် အိပ်မက် တစ်ခုကို ဖြတ်သန်းခဲ့ရမှန်း ရုတ်တရက် သုံးသပ်မိသည်။ လမင်းကို မျှော်ကြည့်လိုက်ရင်း အိပ်မက်ထဲမှ သူခိုး ဆိုသည် ဝေါဟာရ အသုံးအနှုန်းကို နူတ်မှ ခပ်တိုးတိုး ရေရွတ်ကြည့်မိသည်။ ခပ်တိုးတိုးလေး ရေရွတ်လိုက်ပေသည့် တိတ်ဆိပ်နေသော ညဉ့်နက်သန်းခေါင်းတွင် လေလှိုင်းတို့သည် လျင်မြန်စွာ တုန်ခါလျက် အမှောင်ထု အစိုင်အခဲကို ရိုက်ခတ်ကာ သူ၏ နားထဲသို့ တန်ပြန် ပဲ့တင်ရိုက်ခတ်လာသည်။ လူပေါင်းမြောက်မြားစွာက သူ၏ နားစည် အနီးသို့ ကပ်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်ဟု ထင်လိုက်သည်။ သူသည် အိပ်ရာထက်မှ သတိလက်လွတ် တုန်လှုပ်စွာ ထရပ်လိုက်သည်။ အိပ်ရာ နံဘေးတွင် ထောင်လျက်ရှိနေသော ပုလင်းတစ်လုံး ကို ခြေဖြင့် ခတ်မိကာ လဲကျသွားသည့် အသံဖြင့် စူရှသော အရက်နံတို့ ထောင်းကနဲ ထွက်လာသည်။ သို့သော် သူ့အတွက် အရေးမကြီး။ ဖြတ်ကနဲ အတွေး အာရုံထဲသို့ အတင်းတိုးဝင်လာသော အတိတ်က ပုံရိပ်လှိုင်းအချို့ကို အရှုးအမူးဖြင့် အမိအရ ဖတ်ဆုတ်ဖို့ ကြိုးစားမိသည်။ နှစ်ပေါင်း မြောက်မြားစွာ ကြာခဲ့ပြီး ဖြစ်သော်လည်း သူ၏ ရင်ဘတ်ထဲတွင် စူးဝင်နေသော ထိုဆူးတစ်ချောင်းကို နုတ်ပစ်လိုလှသည်။ ဆူးပေါင်းမြောက်မြားစွာ နစ်ဝင်နေသာ သူ၏စိတ်ဒဏ်ရာမှ ယုတ်စွအဆုံး ထိုဆူးတစ်ချောင်း နုတ်ပစ်နိုင်ခဲ့လျင် သူငြိမ်းချမ်းစွာ အိပ်စက် အနားယူလို့ ရပြီးပေါ့။ အခုဆိုရင် သူတို့ ဘယ်များ ရောက်ပြီး ဘာတွေလုပ်နေကြပါလိမ့်။ အတွေးလှိုင်းတို့ လွင့်မျောရာကို အလိုက်သင့်ကလေး ငြိမ့်ငြိမ့်ငြောင်းငြောင်း လိုက်ပါသွားမိသည်။ ညကလည်း တိတ်ဆိတ်လွန်းလိုက်တာကွယ်။
+++++++++++++++++++++++++++++++++++++++++++++++
တစ်ခါလာလည်း ပဲပြုတ်
တစ်ခါလာလည်း ပဲပြုတ်
ပဲပြုတ်ကို ဆီဆမ်း..ဇော်ဝမ်း
ဇော်ဝမ်းကို လှေပေါ်တင် ဇော်ခင်
ဇော်ခင်က ကျွင်းတူး ဝင်းဦး
ဝင်းဦးကို တုတ်နဲ့ ရိုက် ဆွေဇင်ထိုက်
ဆွေဇင်ထိုက်ကကလေးမွေး အောင်ထွန်းလေး
အောင်ထွန်းလေးက ဓါးနဲ့ပစ် ဦးဘချစ်
ဦးဘချစ်ကို သေနက်ပေး..ဒိုင်း ဒိုင်း အားလုံးထဲက ငါ့ချစ်ချစ်။
ဘကောင်းနှင့် လှိုင်ဘွားတို့ ဘုရားစောင်းတန်းထဲတွင် ထိုင်လျက် သူရို့ကျောင်းတွင် ခေတ်စားနေသော ကဗျာကို အပြန်အလှန် ရွတ်ဆိုနေကြသည်။ ကျောင်းတွင် ထို ကဗျာကို ဘယ်သူက ယူလာသည် မသိ။ သို့သော် အရှည်ကြီးရွတ်ဆိုနိုင်လေ ပိုကောင်းဖြစ်ကာ၊ အရှည်ကြီးရွတ်ဆိုနိုင်ရန် သူငယ်ချင်းတွေ အချင်းချင်း ပေါင်းစည်း ဖန်တီးကြသည်။

အခုလည်း ဘကောင်းနှင့် လှိုင်ဘွားတို့ နှစ်ယောက် ချမ်းသာရ ဘုရား၏ အနောက်ဖက် စောင်းတန်း လှေကားထစ်တွင် ထိုင်လျက် ပုရစ်နိုက်ထွက်ရန် ငတော်ကို စောင့်ရင် ထိုကဗျာကို အသံနေ အသံထားဖြင့် ရွတ်ဆိုနေကြသည်။ ငတော် တော်တော်နှင့် ပေါ်မလာ။ ထမင်းစားပြီး နာပြန်တစ်ချက်ထိုးအမှီ ထွက်လာခဲ့ရန် ပြောထားရက်သားနှင့် အခု ချမ်းသာရဘုရားထဲမှ နာရီစဉ်က နှစ်ချက် ထိုးပြီးသွားပြီ။ အခုချိန်ထိ ပေါ် မလာသေး။ ဒီလိုဆိုရင်တော့ ပုရစ်နိုက်ဖို့ အချိန်သိပ်မကျန်တော့။

အနန္တမေတ္တာဖြင့်
ဘကောင်း

No comments:

Post a Comment